ပြည်ထောင်စု အိမ်ခြံမြေပွဲတော်ဆီသို့ . . . (မြန်မာ့အလင်း)
လူဟန် (အိမ်ခြံမြေ)
ကျွန်တော်တို့
နိုင်ငံသည် ရှေးနှစ်ပေါင်းထောင်ချီမှ မြန်မာမင်းများတည်ဆောက်အစပြုခဲ့သော
အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ တိုင်းရင်းသား လူမျိုး ၁၃၅
မျိုး အေးအတူ ပူအမျှ တစ်ဦးနှင့်တစ်ဦး ချစ်ကြည်ရင်းနှီးစွာ ရှေးပဝေသဏီကတည်းက အတူတကွနေထိုင်ခဲ့ကြသော
နိုင်ငံလည်းဖြစ်ပါသည်။ တိုင်းရင်းသား တစ်ဦးနှင့်တစ်ဦး ယုံကြည်စွာ ကူးလူးဆက်ဆံခြင်း၊
လူမျိုးစွဲ၊ ဝါဒစွဲ၊ ဒေသစွဲမထားရှိဘဲ ငြိမ်းချမ်းစွာ အတူတကွနေထိုင်ခြင်း၊
ချစ်စရာကောင်းသည့် အမူအကျင့်များဖြင့် ပေါင်းစည်းခြင်း စသည်ဖြင့်
ပြည်ထောင်စုစိတ်ဓာတ် အရင်းခံ၍ ဥမကွဲသိုက်မပျက် တင့်တယ်စွာ နေထိုင်လျက်ရှိပါသည်။
ထိုသို့သော
အခြေအနေတွင် မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း (MRESA) သည် ၂၀၁၂ ခုနှစ် ဇွန်လ ၂၈ ရက်က စတင်သန္ဓေတည်၍ ပြည်ထောင်စု တိုင်းရင်းသားများ
စိတ်တူကိုယ်တူ ပေါင်းစည်းပြီး အတူလက်တွဲ ဆောင်ရွက်နေသော အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။
ယခုဆိုလျှင် ၁၃ နှစ်ကြာပြီ ဖြစ် သော NGO အဖွဲ့အစည်းတစ်ခုအဖြစ်
တည်ရှိနေပါသည်။
နှစ်စဉ်
တစ်နှစ်တစ်ခါ ကျင်းပသော အထွေထွေညီလာခံ (2025-AGM) ကို ဥက္ကဋ္ဌ ဒေါ်မို့မို့အောင် ဦးဆောင်သော မြန်မာနိုင်ငံ
အိမ်ခြံမြေဝန်ဆောင်မှုအသင်းက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့်
စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) နှင့်
ပူးပေါင်းပြီး ၂၀၂၅ ခုနှစ် အောက်တို ဘာလ ၇ ရက်တွင် ရန်ကုန်မြို့
ကမာရွတ်မြို့နယ်ရှိ Novotel Yangon Max Hotel ၌ ကျင်းပသွားမည်
ဖြစ်ပါသည်။ ညီလာခံသို့ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ
တိုင်းရင်းသားလူမျိုးပေါင်းစုံ အသင်းသား အသင်းသူ ၁၀၀၀ ခန့် တက်ရောက်မည်ဖြစ်ကြောင်း သိရပါသည်။
ပြခန်းများ ဖွင့်လှစ်ပြသမည်
အဆိုပါညီလာခံတွင်
ပြည်တွင်းဆောက်လုပ်ရေး လုပ်ငန်းရှင်များ ဆောက်လုပ်ထားသော အိမ်ရာများ၊ ကွန်ဒိုများ၊
တိုက်ခန်းများ၊ အာမခံလုပ်ငန်းများကို ပြခန်းများ ဖွင့်လှစ်ပြသမည်ဖြစ်ပါသည်။
ထိုညီလာခံသို့
ပြင်သစ်နိုင်ငံ၌ အခြေစိုက်ထားသည့် ကမ္ဘာ့အိမ်ခြံမြေအဖွဲ့ (FIABCI) အဖွဲ့အစည်းမှ တာဝန်ရှိသူများ၊ Asia Pacific
Convention မှ တာဝန်ရှိသူများ၊ အရှေ့တောင်အာရှ အိမ်ခြံမြေ
(အာဆီယံ) မှ တာဝန်ရှိသူများ၊ မိတ်ဖက်အဖွဲ့ အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ
တက်ရောက်ကာ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း၏ အထွေထွေညီလာခံ (2025-AGM) သို့ တက်ရောက် အားပေးမည်ဖြစ်ပါသည်။
စတင်ဖွဲ့စည်းခဲ့
၂၀၂၅ ခုနှစ် ဩဂုတ်လ
၂၈ ရက်မှ ၂၉ ရက်နေ့ အထိ စင်ကာပူနိုင်ငံ One People Singapore ခန်းမ ၌ ကျင်းပသော Asia Pacific Convention Progra-mme
Timetable သို့ စင်ကာပူနိုင်ငံ Real Network
Conter ဥက္ကဋ္ဌ စင်ကာပူနိုင်ငံ FIABCI ဥက္ကဋ္ဌ Mr. Clayton ၏ ဖိတ်ကြားမှုဖြင့် မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုအသင်း ဥက္ကဋ္ဌ
ဒေါ်မို့မို့အောင်၊ ကရင် ပြည်နယ်အသင်းဥက္ကဋ္ဌ ဒေါ်ဆုခက်ခက်လင်း၊ နေပြည်တော်အသင်း
ဒုတိယ ဥက္ကဋ္ဌ ဦးဝင်းဇော်ဦး၊ ဗဟိုအလုပ်အမှုဆောင် ဦးနန္ဒဟိန်း ဦးဆောင် ပါဝင်သော
အသင်းသား အသင်းသူများ ၃၄ ဦး ပါဝင်တက်ရောက်ခဲ့ပြီး Asia Pacific Convention ကို Singapore နှင့် Myanmar က Founder နိုင်ငံများအနေဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။
ထိုအခမ်းအနားတွင် Asia Pacific နိုင်ငံ ၁၂ နိုင်ငံ မှ ဧည့်သည်တော် စုစုပေါင်း ၁၁၀ ခန့် တက်ရောက်
ခဲ့ပါသည်။ ၂၀၂၆ ခုနှစ်တွင် မြန်မာက အိမ်ရှင်နိုင်ငံအဖြစ် ရန်ကုန်မြို့၌
လက်ခံကျင်းပရန်နှင့် ၂၀၂၇ ခုနှစ်တွင် ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပရန်
သဘောတူခဲ့ကြပါသည်။ တရုတ်နိုင်ငံနှင့် အမေရိကန် နိုင်ငံတို့က မိတ်ဖက်အဖွဲ့ဝင်နိုင်ငံများအဖြစ်
ပါဝင်ထားပါသည်။ ၂၀၂၆ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ကျင်းပ ရန်အတွက် အလံတော်
လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
လူသားတစ်ဦးဖြစ်လာခဲ့လျှင်
မွေးစက ဗလာနတ္ထိဖြင့် မွေးဖွားလာသော်လည်း လောကကြီးတွင် လူတစ်ယောက်၏ “စားဝတ်နေရေး”
ဆိုသည့် အရေးသုံးပါးကို မဖြစ်မနေ ရင်ဆိုင်ကြရမည်ဖြစ်ပါ သည်။ အဆိုပါလောကသုံးပါးထဲမှ
“နေရေး”ဆိုသည့် လောကတစ်ပါးနှင့် မည်သူမဆို ရင်ဆိုင်ရမည်ဖြစ် ပါသည်။ အရွယ်ရောက်လာ၍
အိမ်ထောင်ပြုသည် နှင့် ကိုယ့်အိုးကိုယ့်အိမ် ထူထောင်ကြရမည် ဖြစ်ပါ သည်။ ထိုအခါ
တိုက်ခန်း(သို့) အိမ်ရာတစ်ခုကို ငှားရမ်းခြင်း၊ ဝယ်ယူခြင်းကို မလွဲမသွေ ရင်ဆိုင်ရမည်
ဖြစ်ပါသည်။
မြန်မာနိုင်ငံ
အိမ်ခြံမြေဝန်ဆောင်မှုအသင်းသည် ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန
ကြီးကြပ်မှုအောက်တွင် ပူးပေါင်းကာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေး
မှူးများက မြေရာအုပ်ချုပ်ရေးသမိုင်းများ၊ အသုံးချ မြေရာဥပဒေများ၊
မြေအမျိုးအစားများ၊ မြို့များနှင့် ကျေးရွာမြေများ စီမံခန့်ခွဲမှုဆိုင်ရာများ၊
ခရိုင် ကော်လိတ္တော်အရာရှိတာဝန်များ စသော ကျယ်ပြန့် သည့် မြေရာကိစ္စများ
ရှင်းလင်းခြင်း၊ မြို့နယ်၊ ခရိုင်၊ ပြည်နယ်၊ တိုင်းဒေသကြီးများတွင် ကြီးကြပ်ရေး
အာဏာပိုင်များ ဖွဲ့စည်းထားရှိခြင်း၊ အိမ်ခြံမြေ အကျိုးဆောင်အဖွဲ့များ
ဖွဲ့စည်းထားရှိမှု၊ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း အသိအမှတ်ပြု မှတ်ပုံတင်
လက်မှတ်လျှောက်ထားရေး ကိစ္စရပ်များကို ဆောင် ရွက်လျက်ရှိပါသည်။
ထို့ပြင်
သက်ဆိုင်ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များကလည်း ငွေကြေးခဝါချ တိုက်ဖျက်ရေး
ကိစ္စရပ်များ(AML/CFT) ကို လည်းကောင်း၊
ဥပဒေပညာရှင်များက အိမ်ခြံမြေရောင်းဝယ်ငှား လိုက်နာ ကျင့်သုံးရမည့် ဥပဒေ၊
နည်းဥပဒေများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများက
မြို့ပြအိမ်ရာဆိုင်ရာ လိုက်နာကျင့်သုံးရမည့်အချက်များ၊ တက္ကသိုလ်ပါမောက္ခ
(အငြိမ်းစား) များ ပါဝင်သော ဆရာများက စိတ်ပိုင်းဆိုင်ရာ
ပြုပြင်လိုက်နာရမည့်အချက်များ၊ မြန်မာ နိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်းမှ
တာဝန်ရှိသူများက အိမ်ခြံမြေအသင်းသား အသင်းသူများ လိုက်နာရမည့် စည်းကမ်းများ၊
ကျင့်ဝတ်သိက္ခာများ၊ ရောင်းမှား ဝယ်မှားမရှိစေရန် စိစစ်စစ်ဆေးရမည့် အချက်များ၊
အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်မှု များကိုလည်းကောင်း သင်တန်းကာလ နှစ်ရက်တာ
ကာလအတွင်း သင်ကြားမည့် ၂၄ နာရီအား အချိန်ကာလပိုင်းခြား၍ ပြည်သူများ အိမ်ခြံမြေ
အသိပညာပေးခြင်းများကို လစဉ်ပို့ချပေးလျက်ရှိပါသည်။
ယခုဆိုလျှင်
တစ်နိုင်ငံလုံးအနေဖြင့် သင်တန်းသားပေါင်း တစ်သောင်းကျော် အပတ်စဉ် (၄၈/၂၀၂၅) အထိနှင့်
နောက်ဆုံး သင်တန်းတက်ရောက်ခဲ့သည့် အသင်းသား နံပါတ် ၁၅၅၁၅ အထိ ရောက်ရှိခဲ့ပြီ
ဖြစ်ပါသည်။
အလွှာအသီးသီးမှ တက်ရောက်လေ့လာ
အိမ်ခြံမြေ
အသိပညာပေးသင်တန်းသို့ နယ်ဘက်မှ အငြိမ်းစားအရာရှိကြီးများ၊ အငြိမ်းစားတပ်မတော်
အရာရှိ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အရာရှိများ၊ အငြိမ်းစား တက္ကသိုလ်ပါမောက္ခများ၊
တိုင်းဥပဒေအရာရှိများ၊ အငြိမ်းစား အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့်
ဆရာ ဆရာမများ၊ သင်္ဘော ကပ္ပတိန်များ၊ ဆရာဝန်များ၊ အင်ဂျင်နီယာများ၊
စီးပွားရေးလုပ်ငန်းရှင်များ၊ ကုမ္ပဏီများမှ ဒါရိုက်တာ အဖွဲ့ဝင်များ၊
လူထုလူတန်းစားအလွှာအသီးသီးမှ အသိပညာရှင်၊ အတတ်ပညာရှင်များ တက်ရောက် လေ့လာကြပါသည်။
မြန်မာနိုင်ငံ
အိမ်ခြံမြေဝန်ဆောင်မှုအသင်းက ကိုယ်ကျင့်တရား ကောင်းမွန်သော အိမ်ခြံမြေ လုပ်ငန်း အတွေ့အကြုံရှိသည့်
ဌာနဆိုင်ရာများ၊ အတွေ့အကြုံရှိသော ပုဂ္ဂိုလ်များနှင့် စုစည်းဖွဲ့စည်း ထားသည့်
အဖွဲ့အစည်းဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံကုန်သည် / စက်မှုအသင်းချုပ်နှင့် အပေါင်းလက္ခဏာ
ဆောင်သော ပူးပေါင်းဆောင်ရွက်မှုနှင့် ၂၀၁၈ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအတိုင်း
ယုံကြည်စွာ လိုက်နာ၍ ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။
အိမ်ခြံမြေလုပ်ငန်းသည်
လူတိုင်းနှင့် သက်ဆိုင်သော လုပ်ငန်းတစ်ခုဖြစ်ပြီး အချို့ဝန်ထမ်းများသည် အိမ်ခြံမြေ
လုပ်ငန်းကို မသိနားမလည်၍ မိမိတစ်သက်တာ စုဆောင်းထားသော ငွေကြေးဖြင့် တစ်အိုးတစ်အိမ်
ထူထောင်ရန်ဝယ်ယူသည့်အခါ ရောင်းမှားဝယ်မှားဖြစ်ပြီး ငွေကြေးဆုံးရှုံးမှုများ
ကြုံတွေ့သည့်ဖြစ်စဉ်များကို စိတ်မကောင်းစွာ ကြားသိနေရပါသည်။
မြန်မာနိုင်ငံတွင်
ကြီးပွားချမ်းသာသူ ၁၀ဝ ကို စနစ်တကျစိစစ်၍ လေ့လာကြည့်ရှုပါက ချမ်းသာ သော
ပုဂ္ဂိုလ်များ၏ ၆၅ ရာခိုင်နှုန်းသည် မြေကြောင့် ကြီးပွားချမ်းသာကြောင်း
တွေ့ရှိရပါသည်။ အိမ်ခြံမြေ လုပ်ငန်းသည် လူတိုင်းစိတ်ဝင်စားသော လုပ်ငန်း ဖြစ်ပါသည်။ စနစ်တကျစိစစ်၍
ဝယ်ယူရင်းနှီးမြှုပ်နှံ ရန် လိုအပ်ပါသည်။ မည်မျှအထိ အရေးပါသည်ဆိုသည်ကို
ပြဆိုရမည်ဆိုလျှင် နိုင်ငံပိုင်သတင်းစာ များတွင် အိမ်ခြံမြေလုပ်ငန်း
ကြော်ငြာများစွာကို တွေ့မြင်ရမည် ဖြစ်ပါသည်။
ထို့ကြောင့်
အိမ်ခြံမြေလုပ်ငန်းသည် လူတိုင်းနှင့်သက်ဆိုင်သလို လွန်စွာအရေးပါသော လုပ်ငန်းဖြစ်
ပါသည်။ ပြည်သူများက မိမိပိုင်ဆိုင်သော ငွေကြေးပမာဏဖြင့် တစ်ပိုင်တစ်နိုင်
မြေဝယ်ထားပါက ဆယ်စုနှစ်တစ်စုဆိုရင် တန်ဖိုးရှိလာသည်ကို တွေ့ရ မည်ဖြစ်ပါသည်။
နိုင်ငံ၏
အချို့ဒေသများတွင် မငြိမ်မသက်ဖြစ်ပြီး ရပ်ရွာအေးချမ်းတည်ငြိမ်မှုကို ထိခိုက်လျက်
ရှိသည်ကို တွေ့ကြရပါမည်။ ထိုဒေသရှိ ပြည်သူအချို့က ဒေသကိုစွန့်ခွာပြီး
အေးချမ်းသောဒေသသို့ ပြောင်းရွှေ့ အခြေချလာသည်ကိုလည်း သတိပြုမိကြမည်ဖြစ်ပါသည်။
ထိုအခါတည်ငြိမ်အေးချမ်းသော ဒေသများ၌ အိမ်ခြံမြေလုပ်ငန်းများ ပိုမိုကျယ်ပြန့်
လာပါသည်။
မြန်မာနိုင်ငံ
အိမ်ခြံမြေဝန်ဆောင်မှုအသင်းက နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းပြီး မိမိတို့၏ ကျရာ
အခန်းကဏ္ဍမှ ပါဝင်လှုပ်ရှားလျက်ရှိပါသည်။ နိုင်ငံတော်
တည်ငြိမ်အေးချမ်းလာသည်နှင့်အမျှ မြို့ရွာ အိုးအိမ်များလည်း
ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါသည်။ အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်လာလျှင် ဆောက်
လုပ်ရေး၊ လုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံသူများ၊ ကန်ထရိုက်ဆောက်လုပ်သူများ၊
အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူများ ရင်းနှီးမြှုပ်နှံလာပြီး စီးပွားဖွံ့ဖြိုး
တိုးတက်လာမည်ဖြစ်ပါသည်။
စီးပွားတိုးတက်လာသည်နှင့်အမျှ
၎င်းတို့နှင့် ဆက်နွှယ်သော အုတ်သဲကျောက်လုပ်ငန်းလုပ်ကိုင် သူ၊
ဆောက်လုပ်ရေးပစ္စည်းနှင့် ဆက်စပ်သော လုပ်ငန်းလုပ်ကိုင်သူ၊ ဘိလပ်မြေ၊
သံမဏိလုပ်ငန်း၊ လျှပ်စစ်နှင့် စက်ပစ္စည်းလုပ်ငန်း၊ စက်ယန္တရား လုပ်ငန်း၊ စက်သုံးဆီရောင်းဝယ်သည့်လုပ်ငန်း၊
သယ်ယူပို့ဆောင်ရေးလုပ်ငန်းများက ဆက်စပ်ပြီး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါသည်။
နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်လာမည်
အလားတူ
လုပ်ငန်းများကောင်းမွန်လာသည်နှင့်အမျှ ဘဏ်များတွင် ငွေသွင်းငွေထုတ် များပြား
လာပြီး ငွေစီးဆင်းမှု မှန်ကန်လာသည်နှင့်အမျှ ငွေကြေးတည်ငြိမ်တန်ဖိုးရှိလာမည်
ဖြစ်ပါသည်။ ထိုအခါ ပို့ကုန်လုပ်ငန်းများ၊ သွင်းကုန်လုပ်ငန်းများ မျှတလာပြီး
နိုင်ငံခြားငွေလဲလှယ်နှုန်းထားများသည်လည်း တည်ငြိမ်လာမည်ဖြစ်ပါသည်။
လူမှုစီးပွားများ
ဖွံ့ဖြိုးတိုးတက်လာလျှင် နိုင်ငံ တော်အတွင်း ပြည်သူများ စီးပွားရေးကောင်းမွန်လာ ကာ
မြန်မာပြည်အနှံ့ လည်ပတ်ခရီးစဉ်များ ဖွံ့ဖြိုးလာမည်ဖြစ်ပါသည်။ ထိုအခါ
ဟိုတယ်လုပ်ငန်းသည် လည်း ပြန်လည်ကောင်းမွန်လာမည်ဖြစ်ပါသည်။ ထို့အတူ စားသောက်ဆိုင်လုပ်ငန်းများလည်း
ပိုမို ကောင်းမွန်လာပြီး အခြေခံစားကုန်များဖြစ်သည့်
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု များလည်း တိုးတက်လာမည်
ဖြစ်ပါသည်။
“ပြည့်အင်အားသည်
ပြည်တွင်းမှာသာ ရှိသည်” ဖြစ်ရာ စီးပွားရေးကောင်းလာလျှင် ပြည်သူများ လည်း အလုပ်အကိုင်
ပေါများလာမည်။ ဒုစရိုက်မှုခင်းများကျဆင်းလာမည်။ ပြည်သူများ စားဝတ် နေရေး
ပြေလည်လာလျှင် စိတ်ဓာတ်များ လန်းဆန်းလာပြီး စိတ်ထားများကောင်းလာမည် ဖြစ်ပါသည်။
တစ်ဦးနှင့်တစ်ဦး ရိုင်းပင်းကူညီကြသည်နှင့် အမျှ မေတ္တာတရားတို့
ပိုမိုထွန်းကားမည်ဖြစ်ပါသည်။
ယခုကျင်းပမည့်
ညီလာခံတွင် ခရုသင်းမှုတ်၍ ဖွင့်ပွဲပြုလုပ်ပြီး အိုးစည်သူငယ်တော်အက၊ အာဆီယံ
မြန်မာသီချင်း၊ ထာဝရမြန်မာသီချင်း၊ ယဉ်ကျေးမှု အက၊ နောင်အင်းလေး၊ ကိန္နရီကိန္နရာ၊
ရိုးရာယိမ်း အက စသည့်သီဆိုဖျော်ဖြေမှုများလည်း ပါဝင်မည်ဖြစ်ရာ အသင်းသား
အသင်းသူများ တက်ရောက်ကြ ဖို့ ဖိတ်ခေါ်ရင်း ပြည်ထောင်စုအိမ်ခြံမြေပွဲတော်ဆီသို့
တက်ရောက်ကြပါစို့ဟု ရေးသားတင်ပြလိုက် ရပါသည်။
No comments