တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
နေပြည်တော် စက်တင်ဘာ ၁၁
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု
ရပ်စဲရေးသဘောတူစာချုပ်(NCA) (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပရေးဦးစီးကော်မတီ၏
လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် မင်္ဂလာသီရိဟိုတယ်
Grand Ball Room ၌ ကျင်းပသည်။
NCA လက်မှတ်ရေးထိုးပြီးချိန်မှစ၍
NCA အထိမ်းအမှတ် နှစ်ပတ်လည်နေ့ အခမ်းအနားများကို နှစ်စဉ်ကျင်းပခဲ့ရာ လာမည့် ၂၀၂၅ ခုနှစ်
အောက်တိုဘာ ၁၅ ရက်တွင် ကျရောက်မည့် NCA (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားအား နေပြည်တော်၌
နိုင်ငံရေး အနှစ်သာရ ရှိရှိဖြင့် ခမ်းနားစွာ ကျင်းပမည်ဖြစ်ပြီး တစ်ဆက်တည်း NCA အထိမ်းအမှတ်
အလုပ်ရုံဆွေးနွေးပွဲကိုလည်း ကျင်းပရန် စီမံဆောင်ရွက်လျက်ရှိသည်။
တက်ရောက်
လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့
NCA (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး
ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးမောင်မောင်အုန်း၊ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး
ကော်မတီအတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီးမင်းနိုင်နှင့် ကော်မတီဝင်များ၊ ဦးစီးကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့်
ပြည်ထောင်စုဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့်
တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဦးစီးကော်မတီဥက္ကဋ္ဌ
ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အဖွင့်အမှာစကား ပြောကြားရာတွင် NCA သည် ငြိမ်းချမ်းရေးအတွက်
အရေးကြီးကြောင်း၊ NCA နှစ်ပတ်လည်နေ့ အခမ်းအနားနှင့် အလုပ်ရုံဆွေးနွေးပွဲတို့၌ NCA တွင်
ပါဝင်ခဲ့ကြသူများ၊ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဖြစ်စဉ်တွင် ပါဝင်ခဲ့ကြသည့်
Stakeholders များ၊ ပြည်တွင်း/ပြည်ပ ပညာရှင်များနှင့် ကဏ္ဍအသီးသီးမှ တက်ရောက်လာကြသူများ
အနေဖြင့် NCA ၏ ၁၀ နှစ်တာကာလအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်မှုများ၊
အောင်မြင်မှုများနှင့် သင်ခန်းစာများအပေါ် အချင်းချင်း အမြင်သဘောထားများ၊ အတွေ့အကြုံများ
မျှဝေဖလှယ်ပြီး အလွတ်သဘောကျယ်ပြန့်စွာ ဆွေးနွေးနိုင်ရန် အခမ်းအနားကို ကျင်းပမည် ဖြစ်ကြောင်း၊
NCA(၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားအား အသွင်သဏ္ဌာန်နှင့် အနှစ်သာရရှိရှိ ကျင်းပနိုင်ရေး၊
အခမ်းအနား ကျင်းပရေး လုပ်ငန်းကော်မတီများဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်များအပေါ် လိုအပ်သည်များ
ဖြည့်စွက် ဆွေးနွေးပေးနိုင်ရေး ကိစ္စများ၊ နယ်စပ်ဒေသရှိ တိုင်းရင်းသား နယ်မြေများတွင်
ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးမှု လုပ်ငန်းဆောင်ရွက်ချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများက
ပြခန်းများတွင် ပါဝင်ခင်းကျင်းပြသနိုင်ရေး ကိစ္စများအား ပြောကြားသည်။
ဆက်လက်၍ အခမ်းအနား ကျင်းပရေးဦးစီးကော်မတီ
အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က NCA (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနား
ကျင်းပရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်မှု အခြေအနေနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက်
ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များက
လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာသူများက
လိုအပ်သည်များ အကြံပြုဆွေးနွေးကြသည်။
ယင်းနောက် အခမ်းအနား ကျင်းပရေးဦးစီးကော်မတီ
ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက လူငယ်နှင့်ငြိမ်းချမ်းရေးကဏ္ဍ
အရေးပါမှုအခြေအနေ၊ လက်ရှိနိုင်ငံ၏ ပကတိ ဖြစ်ပေါ်တိုးတက်မှုနှင့် NCA အခမ်းအနား၏ အရေးပါမှု
အခြေအနေနှင့် အခမ်းအနားကျင်းပရေး နှင့်ပတ်သက်၍ လိုအပ်ချက်များအား ဖြည့်စွက်ဆွေးနွေးသည်။
ယင်းနောက် ဦးစီးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က နိဂုံးချုပ်အမှာစကားပြောကြား
ပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
NCA (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားနှင့်
အလုပ်ရုံဆွေးနွေးပွဲ ဆောင်ပုဒ်အဖြစ် “NCA မှသည် ရေရှည်တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေးဖြင့်
အနာဂတ်ကို ပုံဖော်မည်”ဟု သတ်မှတ်ထားပြီး “မြန်မာနိုင်ငံ၏ ငြိမ်းချမ်းသာယာသော
အနာဂတ် တည်ဆောက်ရန်အတွက် ဆက်လက် ဆောင်ရွက်ရမည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဖော်ထုတ်ခြင်း” Theme ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း
သိရသည်။
သတင်းစဉ်

No comments