မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး ကျင်းပ
နေပြည်တော် စက်တင်ဘာ ၁၁
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ
အမျိုးသားကော်မတီအစည်းအဝေး (၁/၂၀၂၅) ကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားကော်မတီဥက္ကဋ္ဌ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန
(၄) ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ကော်မတီဒုတိယဥက္ကဋ္ဌ (၁) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဥက္ကဋ္ဌ(၂)
မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်ဥက္ကဋ္ဌ ဦးသိန်းဟန်သူနှင့် ကော်မတီဝင် ဒုတိယဝန်ကြီးများ၊
နေပြည်တော်ကောင်စီဝင်၊ မသန်စွမ်းကိုယ်စားလှယ်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်လူမှုရေးရာဝန်ကြီးများက
အွန်လိုင်းဖြင့် တက်ရောက်ကြသည်။
အစည်းအဝေးတွင် အမျိုးသားကော်မတီဥက္ကဋ္ဌက
မြန်မာနိုင်ငံသည် မသန်စွမ်းသူများ လူ့အသိုက်အဝန်းအတွင်း အပြည့်အဝပါဝင်ဆောင်ရွက်ခွင့်ရစေရေး
အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသားကော်မတီသည် မသန်စွမ်းသူများအားလုံး အကျုံးဝင်ပါဝင်နိုင်သည့်
ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ထောင်ရေးအတွက် ကြီးကြပ်ပံ့ပိုးကူညီမှုများဆောင်ရွက်ရမည်ဖြစ်ကြောင်း၊
မသန်စွမ်းသူများအပါအဝင် ထိခိုက်လွယ်အုပ်စုဝင်များသည် သဘာဝဘေးအပါအဝင် အရေးပေါ်အခြေအနေတစ်ရပ်ရပ်
ကြုံတွေ့ရပါက ပိုမိုထိခိုက်ခံစားနိုင်ရသူများဖြစ်၍ မသန်စွမ်းသူများအရေးကို ဦးစားပေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊
မသန်စွမ်းသူများအနေဖြင့် လူ့အဖွဲ့အစည်းအတွင်း တန်းတူညီမျှပါဝင်ခွင့်ရရှိပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊
မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာနှင့် စွမ်းဆောင်ရည်ကို အလေးထားပြီး ပူးပေါင်းဆောင်ရွက်တတ်သော
အလေ့အထကောင်းများ ဖြစ်ပေါ်လာရေး ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း၊
မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင် မသန်စွမ်းသူများ အများနည်းတူ
ဆန္ဒမဲပေးနိုင်ရေး ဝိုင်းဝန်းဆောင်ရွက် ပံ့ပိုးစေလိုကြောင်း။
မသန်စွမ်းသူများ အသက်မွေးဝမ်းကျောင်းပညာသင်ယူနိုင်ရေး၊
အလုပ်အကိုင်အခွင့်အလမ်းနှင့် ကိုယ်ပိုင်ဝင်ငွေရရှိရေး၊ မသန်စွမ်းမှတ်ပုံတင်ရရှိစေရေး
စသည့်အရေးကြီးကိစ္စများအတွက်လည်း ဝန်ကြီးဌာနအသီးသီးက ကဏ္ဍအလိုက် အလေးထားဆောင်ရွက်ပေးရန်နှင့်
ပုဂ္ဂလိကလုပ်ငန်းရှင်များ အလုပ်ခန့်အပ်ရာတွင် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ
ဝေပုံကျနှုန်းထားသတ်မှတ်အလုပ်ခန့်အပ်နိုင်ရေး ညှိနှိုင်းဆွေးနွေးကြရန် လိုအပ်ကြောင်း
ပြောကြားသည်။
ဆက်လက်၍ အမျိုးသားကော်မတီဒုတိယဥက္ကဋ္ဌ
(၁) ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ နိုင်ငံ့လူဦးရေ၏
၁၂ ရာခိုင်နှုန်းခန့်မှာ မသန်စွမ်းသူများဖြစ်ကြောင်း၊ နိုင်ငံတော်ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ကြရာတွင်
မသန်စွမ်းများ ပူးပေါင်းပါဝင်နိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်၏
မူဝါဒများရေးဆွဲချမှတ်ရာတွင် မသန်စွမ်းမှုဆိုင်ရာ အချက်အလက်များ တိကျမှန်ကန်စေရေးအတွက်
မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းများကို
မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊
လူမှုရေးအဖွဲ့အစည်းများကလည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မန္တလေးငလျင်ကြီးကြောင့်
အခက်အခဲကြုံတွေ့ရသည့် ဘေးသင့်ဒေသများမှ မသန်စွမ်းသူများအား မြန်မာနိုင်ငံမသန်စွမ်းသူများ
အသင်းချုပ်မှ စိစစ်တင်ပြပေးမှုအရ လတ်တလောသက်သာချောင်ချိ စေရေး ပံ့ပိုးကူညီမှု ဆောင်ရွက်နိုင်ခဲ့ကြောင်း၊
မသန်စွမ်းသူများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ပံ့ပိုးကူညီခြင်း၊
မသန်စွမ်းသူများအတွက် အခြေခံအခွင့်အရေးများဖြစ်သည့် အထူးပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုရရှိရေး၊
သဘာဝဘေးကြုံတွေ့ချိန်တွင် ကြံ့ကြံ့ခံရင်ဆိုင်နိုင်ရေးတို့အား စနစ်တကျ ပံ့ပိုးဆောင်ရွက်လျက်
ရှိကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားကော်မတီဒုတိယဥက္ကဋ္ဌ
(၂) မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်ဥက္ကဋ္ဌ၊ ကော်မတီဝင် ဒုတိယဝန်ကြီးများ၊
မသန်စွမ်းကိုယ်စားလှယ်များက ကဏ္ဍအလိုက် မသန်စွမ်းသူများအခွင့်အရေးအတွက် ဆောင်ရွက်နေမှု၊
တွေ့ကြုံနေရသော အခက်အခဲများနှင့် ဖြေရှင်းဆောင်ရွက်မှုများကို တင်ပြဆွေးနွေးကြကာ အမျိုးသားကော်မတီဥက္ကဋ္ဌနှင့်
တာဝန်ရှိသူများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments