ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးအား လက်ခံတွေ့ဆုံ
မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်
ပြောင်းလဲမှုအခြေအနေများ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး
နေပြည်တော် အောက်တိုဘာ ၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်သည် မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Dato’ Seri Utama
Haji Mohamad Bin Haji Hasan အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်ဧည့်ဂေဟာ၌
လက်ခံတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်ယာယီသမ္မတ
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး
တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေတို့ တက်ရောက်ကြပြီး မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ
အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် H.E. Tan Sri Othman
Hashim နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် မလေးရှားနိုင်ငံနိုင်ငံခြားရေးဝန်ကြီးက
မြန်မာနိုင်ငံ၏ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်ရန် ပြင်ဆင်နေမှုများအား
တွေ့ရသည့်အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်မိပါကြောင်း၊ အာဆီယံအနေဖြင့် မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုများကို
အကောင်းဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ အားလုံးပါဝင်သည့်
ရွေးကောက်ပွဲဖြစ်စေရန် အကြံပြုပြောကြားလိုပါကြောင်း၊ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး
အဖွဲ့များကိုလည်း စေလွှတ် ပေးသွားမည်ဖြစ်ပါကြောင်း ဦးစွာဆွေးနွေး ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်
အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ကဆွေးနွေးပြောကြားရာတွင် ယခုကဲ့သို့ မိမိတို့နိုင်ငံသို့
လာရောက်တွေ့ဆုံမှုအတွက် ဝမ်းမြောက်ပါ ကြောင်း၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ
ကျင်းပပြုလုပ်ရန်အတွက် ၂၀၂၄ ခုနှစ်ကပင် စတင် အသိပေးပြောကြားခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့်
နိုင်ငံရေးအရသဘောထားကွဲလွဲသူများ၊ နိုင်ငံရေး ပါတီများကို ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်
ချိန်ရရှိအောင်ဆောင်ရွက် ပေးခဲ့ပါကြောင်း၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခွင့်ကိုလည်း
ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုရွေးကောက်ပွဲတွင် ဥပဒေနှင့်ကိုက်ညီသည့် နိုင်ငံရေးပါတီ
၅၇ ပါတီ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပြီး ကိုယ်စားလှယ်လောင်း ၅၀၀၀ ကျော်ရှိပါကြောင်း၊
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ နိုင်ငံရေးလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေးအတွက်
ငြိမ်းချမ်းရေးရရှိအောင် ဖိတ်ခေါ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ၂၀၁၈ ခုနှစ်မှစတင်၍ ယနေ့အချိန်အထိ
ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးအတွက် ထုတ်ပြန်ချက် ၂၇ ကြိမ် ဆောင်ရွက်ပေးခဲ့ကြောင်း၊
နိုင်ငံရေးအရ သဘောထား ကွဲလွဲမှုများကြောင့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသူများကိုလည်း
နိုင်ငံရေးလမ်းကြောင်း ပေါ်တွင်ပါဝင်လာနိုင်ရေးအတွက် သုံးကြိမ်ဖိတ်ခေါ်ခဲ့ကြောင်း၊
ယခုလ ၁၅ ရက်နေ့တွင် NCA နှစ်ပတ်လည် နေ့အခမ်းအနားကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး
NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှခေါင်းဆောင်များ၊ NCA
လက်မှတ်မရေးထိုးထားရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်အချို့နှင့်
နိုင်ငံတကာမှ အသိသက်သေများ တက်ရောက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်
ပြောင်းလဲမှု အခြေအနေများ၊ လွတ်လပ်ပြီးတရားမျှတ သည့်ရွေးကောက်ပွဲဖြစ်စေရေး မြန်မာအီလက်
ထရောနစ်မဲပေးစက်(MEVM)များဖြင့် ဆန္ဒမဲပေးခြင်းများ ဆောင်ရွက်သွားမည့် အခြေအနေများ၊
ရွေးကောက်ပွဲအား အပိုင်းလိုက်စနစ်ဖြင့် ကျင်းပပြုလုပ်သွားမည့်အခြေအနေများ၊ အိမ်နီးချင်းနိုင်ငံများနှင့်
နိုင်ငံတကာမှရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေးအဖွဲ့များ ဖိတ်ခေါ်ထားရှိမှု အခြေအနေများ၊
ရွေးကောက်ပွဲကျင်းပပြီးချိန်တွင် မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင်
ဆက်လက် လျှောက်လှမ်းဆောင်ရွက် သွားမည့်အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့အတွင်း
အပြုသဘောဆောင်သော ကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့်
လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်သွားမည့်
အခြေအနေများ၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်လျက်ရှိမှု
အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း
သိရသည်။
သတင်းစဉ်


No comments