အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေးများတွင် ဒေသခံပြည်သူများလည်း တစ်တပ်တစ်အားပါဝင် (မြန်မာ့အလင်း)
ဧရာဝတီတံတား(ရတနာသိင်္ခ)ကို
PDF အမည်ခံအကြမ်းဖက်သမားများနှင့် ပူးပေါင်းအဖွဲ့များက အောက်တိုဘာ ၂၉ ရက်
နံနက်ပိုင်းတွင် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးလိုက်ကြသည်။
ရွှေဘို-ကျောက်မြောင်း-စဉ့်ကူး-မန္တလေးကားလမ်းပေါ်ရှိ လမ်းပန်းဆက်သွယ်ရေးနှင့်
ကုန်စည် စီးဆင်းမှုအတွက် အရေးပါလှသော ဧရာဝတီမြစ်ကူးတံတားကြီးမှာ မပျက်ပျက်အောင်
ဖျက်သောအကြမ်းဖက်အဖျက်သမားတို့လက်ချက်ဖြင့် ရေလယ်တွင်ရောကမ်းစပ်၌ပါ နေရာ နှစ်နေရာတွင်ကျိုးကျပျက်စီးကာ
အများပြည်သူတို့၏ ခရီးလမ်းကြောင်းပြတ်တောက်ခဲ့ရပြီ ဖြစ်သည်။
အခင်းဖြစ်ပွားရာနေရာနှင့်
ဆက်စပ်နေသောဒေသများတွင် PDF အမည်ခံအကြမ်းဖက်အဖွဲ့ အများအပြား
လှုပ်ရှားနေကြပြီး အချို့နေရာများတွင်ကာလရှည်ကြာစွာ မင်းမူနေခဲ့ကြရာ
၎င်းတို့ပေးသည့် ဒုက္ခပေါင်းများစွာကိုဒေသခံများရော မဖြစ်မနေခရီးသွားလာကြရသည့် ပြည်သူများပါ
ခံစားခဲ့ကြရသည်။ အဝေးပြေးလမ်းများကိုတားဆီးပိတ်ဆို့ပြီး ၎င်းတို့ညွှန်ပြရာ
ရှောင်ကွင်းလမ်းကြောင်းများမှ ခရီးသည်ယာဉ်၊ ကုန်တင်ယာဉ်များကို သွားလာစေသည်။
အချိန်များစွာကြာမြင့်အောင်သွားရပြီး အဆင်မပြေသည့် ထိုလမ်းများပေါ်တွင်
ဂိတ်များစွာ ဖွင့်လှစ် ကာတားဆီးစစ်ဆေးမှု၊ ဂိတ်ကြေး၊ ဆက်ကြေးအမျိုးမျိုး၊
အဖိုးအခအမျိုးမျိုးတို့ မတန်တဆကောက်ယူမှု၊ 
တောင်းခံမှုတို့ ကြုံတွေ့ခဲ့ရသည်။ ထိုလမ်းများပေါ်မှာပင်
ဇာတိနေရပ်နှင့်မိဘထံ၊ မိသားစုထံပြန်ကြသည့်နိုင်ငံ့ဝန်ထမ်းများ PDF အကြမ်းဖက်သမားတို့၏ ဖမ်းဆီးခံကြရပြီး ကံကောင်းသူအချို့သာလျှင်
၎င်းတို့တောင်းသည့်ငွေကြေးကို ကြွေးတင်ကျွန် ဖြစ်ပေး၍ အသက်ဘေးမှ လွတ်ကြရသည်။
ပြီးခဲ့သည့်
နှစ်အနည်းငယ်အတွင်း PDF ထိပ်ပိုင်းခေါင်းဆောင်များနှင့် ၎င်းတို့၏
အနွယ်အပွားများမှာ သယံဇာတခိုးထုတ်မှုများ၊ အခွန်ဆက်ကြေးကောက်ခံမှုများ၊ တရားမဝင် စီးပွားရှာဖွေမှုများပြုလုပ်၍
ငွေကြေးချမ်းသာကြွယ်ဝလာကြသလိုအောက်ပိုင်း PDF ငယ်သားနောက်လိုက်များတွင်လည်း
လက်နက်အားကိုးရာဇဝတ်မှုကျူးလွန်ခြင်းများ၊ ပြည်သူအပေါ် အနိုင်အထက်
ပြုကျင့်ခြင်းများကြောင့် ၎င်းတို့လှုပ်ရှားနေသည့် အမာခံဒေသများ အတွင်းမှာပင်
၎င်းတို့အပေါ် မလိုလားမှုများ၊ လက်မခံမှုများဖြစ်ပေါ်လာသည်။ မိမိတို့ ရပ်ရွာဒေသများမှထွက်ခွာသွားရန်
ဆန္ဒပြတောင်းဆိုမှုများ ပေါ်ထွက်လာသည်ကိုလည်း တွေ့ရသည်။
ယခုအခါတပ်မတော်သည်
ပြည်သူလူထုပူးပေါင်းကူညီမှု၊ အားပေးထောက်ခံမှုများဖြင့်
အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး(Counter Terrorism Operation)များ
ဆင်နွှဲလျက်ရှိပြီး အကြမ်းဖက်သောင်းကျန်းသူအဖျက်သမားများကို
၎င်းတို့ယာယီအားဖြင့်ထိန်းချုပ်ထားသည့် မြို့ရွာဒေသများမှ
ရှင်းလင်းဖယ်ရှားလျက်ရှိသည်။ ပြည်တွင်း၌မငြိမ်မသက်ဖြစ်ပေါ်ခဲ့သည့်
အခြေအနေအပေါ်အခွင့်ကောင်းယူ၍ သေးသိမ်ညံ့ဖျင်းလှစွာသောစိတ်ဓာတ်ဖြင့်
မြို့ရွာများကို ဝင်ရောက်ထိန်းချုပ်နေရာယူခဲ့ကြသည့် အဖျက်သမားတို့မှာ
၎င်းတို့ဆုတ်ခွာထွက်ပြေး ရတော့မည့်အချိန်တွင် ရသမျှပစ္စည်းဥစ္စာတို့ကို
ခိုးယူသယ်ထုတ်ကြရုံမျှမက နိုင်ငံပိုင်၊ ပြည်သူပိုင်အဆောက်အအုံများ၊
လမ်းတံတားများကို ဖောက်ခွဲ၊မီးရှို့ဖျက်ဆီးနေကြသည်ကို
မီဒီယာများစွာတို့တွင်တွေ့နေရသည်။
ယခုလည်း
ပြည်သူ့ကာကွယ်ရေး၊ ဒေသကာကွယ်ရေးစသည်ဖြင့်ဝါဒဖြန့်ချိကာ လက်တွေ့ အားဖြင့်မူ
ဒေသတွင်းမတည်မငြိမ်မှု ဖြစ်ပေါ်အောင်ဖန်တီးပြီး ပြည်သူလူထု၏ လူမှုစီးပွားဘဝများ၊
လူ့အခွင့်အရေးများဆုံးရှုံးအောင်ပြုလုပ်နေသူများမှာ PDF အမည်ခံ အကြမ်းဖက်သမားများ၊ 
၎င်းတို့နှင့်ပူးပေါင်းအဖွဲ့များဖြစ်သည်ကို ဒေသခံပြည်သူများက ကောင်းစွာ
နားလည်သိရှိသဘောပေါက်နေကြပြီဖြစ်သည်။ ဒေသတွင်းရှိဆက်သွယ်သွားလာမှု အတွက်   အရေးပါသော  
လမ်းတံတားများကို ပိတ်ဆို့ခြင်း၊ ဖျက်ဆီးခြင်းသည် ဒေသခံပြည်သူများ၏
လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးတို့ကို များစွာထိခိုက်ဆုံးရှုံး စေသည်ဖြစ်ရာ
ဒေသတွင်း အကြမ်းဖက်အဖျက်သောင်းကျန်းသူကင်းစင်ရေးအတွက် တပ်မတော်၏ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေးများတွင်
ဒေသခံပြည်သူများကလည်း ကျရာကဏ္ဍမှ တစ်တပ်တစ်အားပါဝင်ကြရပါမည့်အကြောင်း။    ။
No comments