ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
နေပြည်တော် အောက်တိုဘာ ၉
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ
အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှု လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို
ယနေ့နံနက်ပိုင်းက တာချီလိတ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌
ကျင်းပသည်။
အစည်းအဝေးသို့ ပြည်ထောင်စုရွေးကောက်ပွဲ
ကော်မရှင်အဖွဲ့ဝင်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) တာဝန်ခံ ဦးမြင့်ဦးနှင့် (အရှေ့ပိုင်း)
တာဝန်ခံ ဦးမျိုးမောင်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင် တာချီလိတ်မြို့နယ်တွင်
ရှမ်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ တာချီလိတ်
ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ တာချီလိတ်ခရိုင်/
မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှဥက္ကဋ္ဌ၊ အဖွဲ့ဝင်နှင့်ဌာနဆိုင်ရာများ မြန်မာအီလက်ထရောနစ်
မဲပေးစက် (MEVM) ဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ နည်းပညာအထောက်အကူပြု အဖွဲ့ဝင်များနှင့်
ရပ်ကွက်/ကျေးရွာအုပ်စုစာရေးများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပမည့် အခြေအနေများ၊
ရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) များ ဖြန့်ခွဲထားရှိမှုနှင့်
သတ်မှတ် လျာထားရက်အတွင်း မဲရုံများသို့ သယ်ယူပို့ဆောင်နိုင်ရေးအတွက် ခရိုင်/မြို့နယ်အလိုက်
ကြီးကြပ်မှုအဖွဲ့နှင့် အထောက်အကူပြုအဖွဲ့များကို စီမံဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊
ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့် မဲရုံမှူး မဲရုံအဖွဲ့ဝင်များ၊ မဲပေးစက်ဆိုင်ရာ
နည်းပညာအထောက် အကူပြုအဖွဲ့ဝင်များကို စုဖွဲ့သင်တန်းပေး လေ့ကျင့်ရမည့် အခြေအနေများ၊
မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) တွင် တပ်ဆင်အသုံးပြုရမည့် ဘက်ထရီများ အားသွင်းမှု
နည်းမှန်လမ်းမှန်စွာ ဆောင်ရွက်ရမည့် အခြေအနေများ၊ မဲစာရင်းပါရှိသည့် သက်ဆိုင်ရာမြို့နယ်
ပြင်ပ ရောက်ရှိနေသော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများနှင့် ယာယီနေရပ်စွန့်ခွာနေရသူများကို
ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၏ စီစဉ်မှုဖြင့် ကြိုတင်ဆန္ဒမဲပေးနိုင် ရေး ဆောင်ရွက်ပေးရမည့်
လုပ်ငန်းစဉ်များ၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး မဲပေးခွင့်များ မဆုံးရှုံးစေရေး
ဆောင်ရွက်ပေးရမည့်ကိစ္စရပ်များ၊ မဲဆန္ဒရှင်စာရင်းများကို စက်တင်ဘာ ၃၀ ရက်မှစ၍ တစ်နိုင်ငံလုံး
ကပ်ထားကြေညာထားပြီး မဲဆန္ဒရှင် စာရင်းတွင် မိမိအမည်မပါဝင် ပါက ပုံစံ ၃ ၊ ပုံစံ ၃ (က)
များဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများမှတစ်ဆင့် မြို့နယ်ရွေးကောက်ပွဲ
ကော်မရှင်အဖွဲ့ခွဲရုံးများသို့ လျှောက်ထား နိုင်သည့်အခြေအနေများ၊ ကြိုတင် ဆန္ဒမဲပေးမှုနှင့်ပတ်သက်ပြီး
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင် ပုံစံ ၁၅ ဖြင့် နိုင်ငံပြင်ပရောက် ကြိုတင်ဆန္ဒမဲ လက်မှတ်တောင်းခံမှုနှင့်
ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်မှုများ၊ ပြစ်မှုပြစ်ဒဏ်များနှင့်
မဲဆန္ဒရှင် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့မှု အခြေအနေများကို ချပြရှင်းလင်း
ဆွေးနွေးသည်။
ယင်းနောက် ခရိုင်နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ
အတွင်းရေးမှူးများက ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် စာရင်းဇယားအချက်အလက်များကို ရှင်းလင်းတင်ပြပြီး
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments