ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေး
နေပြည်တော် အောက်တိုဘာ ၉
အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံမှ
နိုင်ငံခြားရေးဝန်ကြီး H.E. Dato’ Seri Utama Haji Mohamad Bin Haji Hasan သည် မြန်မာနိုင်ငံ
နေပြည်တော်သို့ ယနေ့တွင် အလုပ်သဘောခရီးစဉ် လာရောက်သည်။
ခရီးစဉ်အတွင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး
H.E. Dato’ Seri Utama Haji Mohamad Bin Haji Hasan သည် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးသန်းဆွေနှင့် ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ Jasmine Hotel ၌ တွေ့ဆုံဆွေးနွေးသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး
ဦးသန်းဆွေက မြန်မာနိုင်ငံအစိုးရအနေဖြင့် ပြည်တွင်းတည်ငြိမ်အေးချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများ၊
ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိစေရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်များနှင့် တွေ့ဆုံဆွေးနွေးနေမှုများ၊
စစ်မှန်ပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ဖော်ဆောင်ရေးအတွက် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ရေး
ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများ၊ အာဆီယံ ထုတ်ပြန်ကြေညာချက် (အာဆီယံတူညီဆန္ဒ) ငါးချက်
အကောင်အထည်ဖော်ရာတွင် အာဆီယံနှင့် ပူးပေါင်းဆောင်ရွက် နေမှုများ၊ နယ်စပ်ဖြတ်ကျော် မှုခင်းများနှင့်
အွန်လိုင်းလိမ်လည်မှုများအတွက် အိမ်နီးချင်းနိုင်ငံများနှင့် သာမက ဒေသတွင်းနိုင်ငံများ၊
နိုင်ငံတကာတို့နှင့် ပူးပေါင်းဆောင်ရွက်နေမှုများကို ရှင်းလင်း ပြောကြားသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၌
ဖြစ်ပွားခဲ့သည့် အင်အားပြင်းငလျင် ကာလအလွန် ပြန်လည်ထူထောင်ရေးနှင့် ငလျင်ဘေးသင့်ပြည်သူများ၏
အကျိုးစီးပွားအတွက် မြန်မာနိုင်ငံအစိုးရ၊ ကုလသမဂ္ဂနှင့် အာဆီယံတို့ ပါဝင်သည့် သုံးပွင့်ဆိုင်ပင်မအဖွဲ့
(Tripartite Core Group) ဖွဲ့စည်းရေး ကိုလည်း ထည့်သွင်းဆွေးနွေးသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက
မြန်မာနိုင်ငံအနေဖြင့် အာဆီယံ၏ တာဝန်သိအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည့် အားလျော်စွာ
အာဆီယံ၏ ကြိုးပမ်း အားထုတ်မှုများနှင့် အာဆီယံဥက္ကဋ္ဌ၏ ဦးဆောင်ဦးရွက်ပြုမှုများတွင်
အပြုသဘော ပူးပေါင်း ဆောင်ရွက်မှုများ၊ အဖွဲ့ဝင်ဖြစ်ချိန်မှစတင်၍ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏
ထမ်းဆောင်ရမည့် တာဝန်နှင့် ဝတ္တရားများကို မပျက်မကွက် ထမ်းရွက်ခဲ့မှုများကို အသေးစိတ်
ရှင်းလင်းပြောကြားပြီး လက်ရှိ အခြေအနေအရ မြန်မာနိုင်ငံအပေါ် ခွဲခြားချန်လှပ်ခြင်းများသည်
သင့်လျော်မှုမရှိကြောင်း ထောက်ပြကာ အာဆီယံ၌ မြန်မာနိုင်ငံ၏ မူလအခန်းကဏ္ဍနှင့် အခွင့်အရေးများ
ပြန်လည်ရရှိစေရေး တိုက်တွန်းဆွေးနွေးသည်။
ယင်းနောက် မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက
ပြည်ထောင်စုဝန်ကြီး၏ ရှင်းလင်းပြောကြားမှု များကို သိရှိမှတ်သားရကြောင်း၊ ၎င်းအနေဖြင့်
မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် အခြေအနေများ ကို တတ်စွမ်းသည့် တစ်ထောင့်တစ်နေရာမှ
ကူညီပေးနိုင်ရန်အတွက် လာရောက်ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံ၏ ပင်မအဖွဲ့ဝင်နိုင်ငံ
တစ်ခုဖြစ်ကြောင်း၊ အာဆီယံ ထုတ်ပြန်ကြေညာချက် (အာဆီယံ တူညီဆန္ဒ) ငါးချက် အကောင်အထည်ဖော်မှုတွင်
ပိုမိုကောင်းမွန်သောရလဒ်များ ရရှိစေရေးအတွက် မြန်မာနိုင်ငံက ဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင်နည်းလမ်းဖြင့်
ဆောင်ရွက်မှုများကို ထောက်ခံပါကြောင်းနှင့် မြန်မာနိုင်ငံနှင့် ပိုမိုထိတွေ့ ဆက်ဆံကာ
ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆွေးနွေးသည်။
ထိုနောက် ပြည်ထောင်စုဝန်ကြီးက မလေးရှားနိုင်ငံ
နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို အစည်းအဝေးမတိုင်မီတွင် Jasmine
Hotel ၌ နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments