စက်မှုဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေး
နေပြည်တော် အောက်တိုဘာ ၂၃
စက်မှုဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့
ပူးပေါင်း၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို
ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှင်းလင်းဆွေးနွေးပွဲသို့ စက်မှုဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ
ဦးလွင်ဦး၊ ကော်မရှင်အဖွဲ့ဝင် ဦးတိုးရီ၊ စက်မှုဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးတို့မှ
တာဝန်ရှိသူများ တက်ရောက်ပြီး တိုင်းဒေသကြီး/ ပြည်နယ်များမှ စက်ရုံမှူးများ၊ စိုက်ကွင်းစိုက်ခြံတာဝန်ခံများ၊
စက်မှုသင်တန်းကျောင်း ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများက Virtual စနစ်ဖြင့်
ပါဝင်တက်ရောက်ကြသည်။
ရှင်းလင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက
အဂတိလိုက်စားမှုတိုက်ဖျက်ရာတွင် တားဆီးကာကွယ်ရေးကဏ္ဍမှ အသိပညာပေးရေးလုပ်ငန်းများကို
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ကဏ္ဍစုံ၊ ထောင့်စုံမှ ကျယ်ပြန့်စွာ ဆောင်ရွက်နေသည်ကို
သိရှိရကြောင်း၊ အဂတိလိုက်စားမှုတစ်ခုသည် တစ်ဦးတစ်ယောက်၏အပြုအမူမှ စတင်သော်လည်း အဖွဲ့အစည်းတစ်ခုလုံး၏
ဂုဏ်သိက္ခာကို ဖျက်ဆီးနိုင်သဖြင့် စက်မှုကဏ္ဍတွင် ပါဝင်ဆောင်ရွက် နေသူများသည် ကိုယ်ကျင့်တရား၊
တာဝန်ခံမှု၊ သန့်ရှင်းမှုရှိရေးတို့ကို အမြဲလိုက်နာရန် လိုအပ်ကြောင်း။
တက်ရောက်လာကြသူများအနေဖြင့် ယခုဆွေးနွေးပွဲမှရရှိသည့်
အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်းသည့် အသိအမြင်ဗဟုသုတများကို မိမိမှတစ်ဆင့်
မိမိပတ်ဝန်းကျင်၊ မိမိအဖွဲ့အစည်းသို့ ပြန်လည်မျှဝေပေးကြရန်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်တွင်
ပါဝင်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌက
အဂတိလိုက်စားမှုများကြောင့် နိုင်ငံတော်ပိုင်ပစ္စည်းများ၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံသားများ၏
အခွင့်အရေးနှင့် အကျိုးစီးပွားများကို ထိခိုက်မှုမရှိစေရေးအတွက် အကာအကွယ်ပေးရန်၊ တရားဥပဒေစိုးမိုးရေးနှင့်
အုပ်ချုပ်ရေး ကဏ္ဍများမှာ ပိုမိုပွင့်လင်းမြင်သာမှုရှိပြီး ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများဖြင့်
စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်
ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကဏ္ဍအသီးသီး၊ အဖွဲ့အစည်းအသီးသီးက အားလုံးပူးပေါင်းဆောင်ရွက်ကြရန်
တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ
တာဝန်ရှိသူများက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့်စပ်လျဉ်း၍လည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင်က
အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့်
အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးကြရာ
တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြကြောင်း သိရသည်။
သတင်းစဉ်

No comments