ဂျပန်နိုင်ငံ အီဇူကျွန်းအနီးသို့ တိုင်ဖွန်းမုန်တိုင်း နာကီ ချဉ်းကပ်လာ



အောက်တိုဘာ ၁၃

ဂျပန်နိုင်ငံ တောင်ပိုင်း အီဇူကျွန်းအနီးသို့ ယနေ့မနက်ပိုင်းတွင် အားပြင်းတိုင်ဖွန်းမုန်တိုင်း နာကီချဉ်းကပ်လာကာ မိုးသည်းထန်စွာရွာသွန်းမှုနှင့်လေပြင်းတိုက်ခတ်မှုတို့ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။

ယနေ့မနက်ပိုင်းအထိ ဟာချီဂျိုဂျီမားနှင့် အိုဂါရှီမားကျွန်းများသည် နာကီမုန်တိုင်းဇုန်တွင် ရှိနေပြီး ဟာချီဂျိုဂျီမားကျွန်းတွင် နံနက် ၇ နာရီမှ တစ်နာရီအတွင်း မိုးရေချိန် ၃၇ ဒသမ ၅ မီလီမီတာ မိုးရွာသွန်းခဲ့ပြီး နံနက် ၆ နာရီထိုးပြီးနောက် ဟာချီဂျိုဂျီမား လေဆိပ်တွင် အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီလျှင် ၁၅၃ ကီလိုမီတာ တိုက်ခတ်ခဲ့သည်ဟု ဖော်ပြထားသည်။

တိုင်ဖွန်းမုန်တိုင်းသည် မွန်းလွဲချိန်မတိုင်မီ တောင်ပိုင်း အီဇူကျွန်းများအနီး အရှေ့ဘက်သို့ ရွေ့လျားမည်ဟု ခန့်မှန်းထားသည်ဟု သိရသည်။

တစ်နာရီလျှင် ၁၂၆ ကီလိုမီတာနှုန်းဖြင့် လေပြင်းတိုက်ခတ်ပြီး တစ်နာရီလျှင် ၁၈၀ ကီလိုမီတာ အရှိန်ဖြင့် အားအပြင်းဆုံးလေပြင်းများတိုက်ခတ်မည်ဟု ခန့်မှန်းထားသည်။

လေပြင်းတိုက်ခတ်မှုကြောင့် ဓာတ်တိုင်အချို့ ပြိုကျနိုင်ပြီး အဆောက်အအုံများ၏ အစိတ်အပိုင်းများ ပျက်စီးကာ နေရာအနှံ့အပြားတွင် အပျက်အစီးများ ပြန့်ကျဲသွားနိုင်ကြောင်း ဖော်ပြထားသည်။

မိုးရွာသွန်းမှုမှာ ပိုမိုအားကောင်းလာပြီး အချို့နေရာများတွင် မိုးရေချိန် တစ်နာရီလျှင် ၈၀ မီလီမီတာ ရွာသွန်းနိုင်ဖွယ်ရှိသည်။ အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းအထိ ၂၄ နာရီပတ်လုံး အီဇူကျွန်းများအတွက် မိုးရေချိန် ၂၀၀ မီလီမီတာအထိ ရွာသွန်းနိုင်သည်ဟု ခန့်မှန်းထားသည်။

မိုးလေဝသတာဝန်ရှိသူများက မြေပြိုခြင်း၊ မြစ်ရေလျှံခြင်း၊ မြေနိမ့်ပိုင်းနေရာများတွင် ရေကြီးခြင်းနှင့် လှိုင်းကြီးခြင်းတို့ကြောင့် ဒေသခံများ သတိရှိကြရန် တိုက်တွန်းပြောကြားထားသည်ဟု သိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.