ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးနှင့် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးကျင်းပ
တောင်ကြီး အောက်တိုဘာ ၂၃
ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး (၃/၂၀၂၅)နှင့် ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး (၃/၂၀၂၅)ကို ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ စီမံခန့်ခွဲရေးကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က စီမံခန့်ခွဲရေးကော်မတီအနေဖြင့် လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေ၊ မြေလွတ်၊ မြေရိုင်းဥပဒေနှင့်အညီ ခွင့်ပြုပေးနိုင်သည့် ကိစ္စရပ်များကို အမြန်ဆုံး ဆုံးဖြတ် ပြီး ပြည်နယ်အစိုးရအဖွဲ့၏ သဘောထားရယူခွင့်ပြု ပေးလျက်ရှိကြောင်း၊ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့နှင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီသို့ ဆက်လက်တင်ပြရမည့် ကိစ္စရပ်များကိုလည်း အမြန်ဆုံး စိစစ်ထောက်ခံတင်ပြ ဆောင်ရွက်လျက်ရှိကြောင်း၊ လယ်ယာမြေကို ခွင့်ပြုမိန့် မရရှိဘဲအခြားနည်းဖြင့် အသုံးပြုခြင်းများကို ဖြေရှင်းနိုင်ရန်နှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ထိန်းချုပ်နိုင်ရန် ဆောင်ရွက်မည့် စံပြု လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေပြင်ကွင်းဆင်း စစ်ဆေးရေးအဖွဲ့များက စိစစ်တင်ပြရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူးက လယ်ယာမြေစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၅)နှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ်(၂/၂၀၂၅) ဆုံးဖြတ်ချက်များကို ဖတ်ကြားအတည်ပြုပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)

No comments