နယူးဇီလန်နိုင်ငံသို့ ဩဂုတ်လအတွင်း ခရီးသွားဝင်ရောက်မှု ၇ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်
အောက်တိုဘာ ၁၃
နယူးဇီလန်နိုင်ငံသို့ ယခုနှစ် ဩဂုတ်လအတွင်း ခရီးသွား ၂၃၀၃၀၀ ဝင်ရောက်မှုရှိရာ ၂၀၂၄ ခုနှစ် ဩဂုတ်လက ခရီးသွားဝင်ရောက်မှုမှ ၇ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။
အဆိုပါခရီးသွားဝင်ရောက်မှုမြင့်တက်လာခြင်းသည် ၂၀၁၉ ခုနှစ် ဩဂုတ်လ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမဖြစ်ပွားမီကာလက ခရီးသွားဝင်ရောက်မှု၏ ၉၂ ရာခိုင်နှုန်းအထိ ရောက်ရှိလာရာ ခရီးသွားလုပ်ငန်းပြန်လည်ကောင်းမွန်လာမှုတွင် ပုံမှန်တိုးတက်မှုကို အချက်ပြခြင်းဖြစ်ကြောင်း စာရင်းအင်းဌာန၏ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၅ ခုနှစ် ဩဂုတ်လအထိ နှစ်စဉ်နိုင်ငံခြားခရီးသွားဝင်ရောက်မှု ၃ ဒသမ ၄၁ သန်းရှိပြီး ပြည်တွင်းခရီးသွား ၃ ဒသမ ၀၆ သန်းရှိကြောင်းနှင့် ဩဂုတ်လအတွင်း နယ်စပ်ဖြတ်ကျော်မှုစုစုပေါင်း ၁ ဒသမ ၀၁ သန်းရှိကြောင်း ထပ်လောင်းဖော်ပြထားသည်။
ခရီးသွားလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီး Louise Upston က နယူးဇီလန်၏ ပို့ကုန်ဝင်ငွေ ဒုတိယမြောက်အများဆုံးရရှိသည့် နိုင်ငံတကာခရီးသွားလုပ်ငန်းသည် နိုင်ငံ၏စီးပွားရေးပြန်လည်ဦးမော့လာမှု၏ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ပြောကြားသည်။
ခရီးသွားများပြားလာခြင်းသည် နိုင်ငံတစ်ဝန်းရှိ စားသောက်ဆိုင်များ၊ ဟိုတယ်များတွင် ကြိုတင်စာရင်းသွင်းမှုများ ပိုမိုများပြားလာကာ အထင်ကရနေရာများသို့လာရောက်လည်ပတ်သူများပြားလာပြီး အလုပ်အကိုင်များ ပိုမိုဖန်တီးပေးလျက်ရှိသည်ဟု ထိုဝန်ကြီးကဆိုသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
No comments