တောင်ငူမြို့၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပ
တောင်ငူ နိုဝင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို တောင်ငူမြို့ အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့နံနက် ၉ နာရီက ကျင်းပသည်။
ပြောကြား
ဦးစွာ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်မုခ်ဦးကို ပဲခူးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်၊ ပဲခူးတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ကြင်ကြင်သန်း၊ တောင်ငူခရိုင် ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးညီညီလွင်စိုး၊ တောင်ငူတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြတ်ညွန့်၊ ခရိုင်ပညာရေးမှူး ဒေါက်တာ နော်ဥမ္မာထွန်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်သည်။
အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က ကျောင်းစာကြည့် တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်များကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အခြေခံပညာကျောင်းများကို အခြေခံ၍ ကျင်းပလျက်ရှိပြီး ကျောင်းသားလူငယ်များ နိုင်ငံ့အနာဂတ် လူ့စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်မှုများ အရှိန်အဟုန် မြင့်မားလာစေရန်၊ စာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ စာဖတ်သည့် ဓလေ့၊ စာကြည့်တိုက်များသို့ သွားလာသည့် အလေ့အကျင့်များ ဖြစ်လာစေရန်၊ စာဖတ်ခြင်းကို တန်ဖိုးထားကာ ဉာဏ်ပညာအတွေးအခေါ် မြင့်မားရေး၊ ဗဟုသုတ ပြည့်စုံကြွယ်ဝရေးတို့အတွက် စာတတ်သူတိုင်း စာဖတ်ကြရန်၊ ပညာဗဟုသုတ ပြည့်ဝ၍ အနာဂတ်တွင် တိုင်းပြည်အတွက် ဦးဆောင်ဦးရွက်ပြုနိုင်သူများ ဖြစ်လာစေရန်ဟူသော ရည်ရွယ်ချက်များဖြင့် ကျင်းပ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက တောင်ငူ မြို့နယ်အတွင်းရှိ ကျောင်းစာကြည့် တိုက်များအတွက် စာအုပ်များကို ပေးအပ်လှူဒါန်းရာ ခရိုင်ပညာရေးမှူး ဒေါက်တာနော်ဥမ္မာထွန်း က လက်ခံရယူသည်။
ယင်းနောက် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်တွင် ဟောပြော ဆွေးနွေးသည့် စာပေပညာရှင်အား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သည်။
ထို့နောက် တာဝန်ရှိသူများက စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကား ပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲများတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့် ဆု(၁)၊ နှစ်သိမ့်ဆု(၂) ရရှိသည့် ကျောင်းသား ကျောင်းသူများအား ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments