လူငယ်ပညာရှင်များကို အရည်အသွေးပြည့်မီစွာ စဉ်ဆက်မပြတ် ပျိုးထောင်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်
နေပြည်တော် နိုဝင်ဘာ ၂၃
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် နိုဝင်ဘာ ၂၁ ရက်တွင် လှိုင်မြို့နယ်ရှိ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန သတင်းအချက်အလက် နည်းပညာတက္ကသိုလ်၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု အိုင်တီလူငယ် ပညာရှင်များကို အရည်အသွေးပြည့်မီစွာ စဉ်ဆက်မပြတ် ပျိုးထောင်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားပြီး ကျောင်းဖွင့်ချိန်အမီ စာသင်ခန်းနှင့် ကွန်ပျူတာစက်ခန်းများ ပြင်ဆင်ထားရှိမှု၊ တက္ကသိုလ်ဥပဓိရုပ် ကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ရန်ကုန်နည်းပညာတက္ကသိုလ်သို့ ရောက်ရှိပြီး ကျောင်းဖွင့်ချိန်အမီ စာသင်ခန်းများနှင့် ပုံဆွဲခန်းများ၊ လက်တွေ့ခန်းများ ပြင်ဆင်ထားရှိမှု၊ ကျောင်းသားအဆောင်များ ပြင်ဆင်ထားရှိမှု၊ စာကြည့်တိုက်၊ ပင်မစာသင်ဆောင်အနီးဝန်းကျင်နှင့် တက္ကသိုလ်ဥပဓိရုပ် ကောင်းမွန်စေရေး ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးကာ အင်ဂျင်နီယာ နည်းပညာကဏ္ဍ၌ နိုင်ငံတကာနှင့် ရင်ပေါင်တန်းကာ နောက်ကျမကျန်ခဲ့စေရေးနှင့် နိုင်ငံ့အကျိုးပြု သုတေသနစီမံကိန်းများဖြင့် ရှင်သန်သက်ဝင်သော တက္ကသိုလ်ဖြစ်စေရေး မှာကြားပြီး ပထမနှစ်ကျောင်း အပ်နှံနေမှုကို ကြည့်ရှုအားပေးသည်။
မွန်းလွဲပိုင်းတွင် လှိုင်သာယာမြို့နယ်ရှိ ရန်ကုန် အနောက်ပိုင်းနည်းပညာတက္ကသိုလ်၌ ပါမောက္ခချုပ်၊ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ နိုင်ငံတော်က အားထားရသော မျိုးဆက်သစ်အင်ဂျင်နီယာများ မွေးထုတ်နိုင်ရေး မှာကြားသည်။
မှာကြား
ယင်းနောက် ဒုတိယဝန်ကြီးသည် အင်းစိန် မြို့နယ်ရှိ အစိုးရနည်းပညာအထက်တန်းကျောင်း (ရွာမ)၌ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဌာနများ၊ အလုပ်ရုံများ၌ ကျောင်းသား ကျောင်းသူများ လက်တွေ့ လုပ်ငန်းဆောင်ရွက်မှုကို ကြည့်ရှုအားပေးကာ ထူးချွန်ကျောင်းသားများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး လူငယ်များ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်ရေး နိုင်ငံတော်က အခမဲ့ အသက်မွေးဝမ်းကျောင်း သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိသည်ကို တန်ဖိုးထား လေ့ကျင့်ကြရန်နှင့် ပြည်သူကို အမှန်တကယ် အလုပ်အကျွေးပြုနိုင်သည့် ဗလငါးတန်နှင့် ပြည့်စုံသော ပညာရှင်များဖြစ်စေရေး ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments