အမေရိကန်က ဘရာဇီးကော်ဖီစေ့များ၊ အမဲသားနှင့် အခြားလယ်ယာထွက်ကုန်များအပေါ် စည်းကြပ်ခွန်များ ကောက်ခံမှုကို ဖယ်ရှား

 


ရိုယိုဒီဂျနေးရိုး နိုဝင်ဘာ ၂၁

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဘရာဇီးနိုင်ငံမှ တင်သွင်းသော ကော်ဖီစေ့များ၊ အမဲသားနှင့် အခြားလယ်ယာထွက်ကုန်များအပေါ် စည်းကြပ်ခွန် များ ကောက်ခံခြင်းကို ဖယ်ရှားခဲ့သည်။

 

ဒေါ်နယ်ထရမ့်က ဘရာဇီးထုတ်ကုန်ပစ္စည်းများကို အခွန် ၄၀ ရာခိုင်နှုန်းမှ ကင်းလွတ်ခွင့်ပေးသည့်ကြေညာချက်ကို ယမန်နေ့က လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါအခွန်ကင်းလွတ်ခွင့်ရမည့်ကုန်ပစ္စည်း စာရင်းတွင် ကော်ဖီနှင့်အမဲသားတို့ကို ထည့်သွင်းခဲ့ကြောင်း သိရသည်။

 

နိုင်ငံတကာမှ ဝင်ရောက်လာသည့် ကုန်ပစ္စည်းများအပေါ် အခွန်ကောက်ခံခြင်းကြောင့် အမေရိကန်နိုင်ငံ၌ ကုန်ဈေးနှုန်းများ မြင့်တက်လာနေစဉ် ယခုဆုံးဖြတ်ချက်ကို သမ္မတ ထရမ့်က ချမှတ်ခဲ့ခြင်းဖြစ်သည်။

 

သမ္မတထရမ့်က လယ်ယာသွင်းကုန် ပစ္စည်းများအပေါ် အခွန်ကောက်ခံမှုကို ဖျက်သိမ်းကြောင်း ပြီးခဲ့သည့် သီတင်းပတ်က ကြေညာခဲ့သည်။

 

အမေရိကန်ပြည်ထောင်စုသည် ဘရာဇီးကော်ဖီစေ့များကို အများဆုံး လက်ခံဝယ်ယူသည့်နိုင်ငံဖြစ်သည်။ ယင်းသို့ အခွန်အခကောက်ခံမှုကို ပြန်လည် ရုပ်သိမ်းခြင်းဖြင့် နေ့စဉ်သုံးကုန်များ၏ ဈေးနှုန်းများကို လျော့ကျစေရန် ရည်ရွယ်ခြင်းဖြစ်သည်။

 

ဘရာဇီးသမ္မတ လူလာဒါဆေးဗားက အဆိုပါ လုပ်ရပ်သည် နှစ်နိုင်ငံ ဆွေးနွေးညှိနှိုင်းမှု၊ သံခင်းတမန်ခင်းနှင့် ဘုံသဘောတူညီချက်အတွက် အောင်မြင်မှုတစ်ရပ်ဖြစ်ပြီး လမ်းကြောင်းမှန်သို့ ရောက်ရှိရန် ခြေလှမ်းသစ်ဖြစ်ကြောင်း ဆိုရှယ်မီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် -‌ အောင်ကျော်ကျော်

No comments

Powered by Blogger.