ဆီးရီးယားအသင်းနှင့်ပွဲတွင် အနိမ့်ဆုံးသရေတစ်မှတ်ရရုံဖြင့် မြန်မာအသင်း အာရှဖလား ယူ-၁၇ ပြိုင်ပွဲ ခြေစစ်ပွဲအောင်မြင်မည်



ရန်ကုန် နိုဝင်ဘာ ၂၉

 

၂၀၂၆ အာရှဖလား ယူ-၁၇ ခြေစစ်ပွဲ အုပ်စု(G) နောက်ဆုံးနေ့ကို နိုဝင်ဘာ ၃၀ ရက်တွင် သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် ခြေစစ်ပွဲအောင်မြင်ရေး အဆုံးအဖြတ်ပွဲအဖြစ် ဆီးရီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

 

အုပ်စု(G) နောက်ဆုံးနေ့အဖြစ် ယနေ့ ညနေ ၄ နာရီတွင် မြန်မာအသင်းနှင့် ဆီးရီးယားအသင်း၊ ည ၇ နာရီတွင် အိုမန်အသင်းနှင့် အာဖဂန်နစ္စတန်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာအသင်းသည် နိုဝင်ဘာ ၂၈ ရက်က ကစားသည့် တတိယပွဲတွင် အိုမန်အသင်းကို နှစ်ဂိုးပြတ်အနိုင်ရပြီးနောက် ခြေစစ်ပွဲအောင်မြင်ရန် လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာပြီး ယနေ့ကစားမည့် ဆီးရီးယားအသင်းနှင့်ပွဲတွင် အနိမ့်ဆုံးသရေတစ်မှတ်ရရုံဖြင့် ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။ မြန်မာ ယူ-၁၇ အသင်း သည် အာရှဖလား ယူ-၁၇ ပြိုင်ပွဲ (ယခင် အာရှ ယူ-၁၇ ချန်ပီယံရှစ်ပြိုင်ပွဲ)တွင် ၂၀၀၆ ခုနှစ်က နောက်ဆုံးယှဉ်ပြိုင်ခွင့်ရခဲ့ပြီး နှစ် ၂၀ အကြာ ၂၀၂၆ ပြိုင်ပွဲတွင် ခြေစစ်ပွဲအောင်မြင်ကာ တစ်ကျော့ပြန်ယှဉ်ပြိုင်ခွင့်ရရန် နီးစပ်နေခြင်းဖြစ်သည်။

 

ခြေစစ်ပွဲအနေအထားအရ မြန်မာအသင်းသည် အိုမန်၊ ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ နီပေါအသင်းတို့နှင့် အုပ်စုကျပ်အတွင်း ကျရောက်နေသော်လည်း နည်းဗျူဟာပိုင်းကောင်းမွန်မှု၊ ပွဲတစ်ပွဲချင်းအပေါ် ချဉ်းကပ်မှုကောင်းမွန်မှု၊ ကစားသမားများ၏ နိုင်လိုစိတ်ပြင်းပြမှုနှင့် မဆုတ်မနစ်ကြိုးပမ်းမှုများကြောင့် တစ်ပွဲထက်တစ်ပွဲပိုကောင်းသည့် ခြေစွမ်းပြသကာ သုံးပွဲဆက်တိုက်အနိုင်ရခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် အာဖဂန်နစ္စတန်အသင်းကို သုံးဂိုး-တစ်ဂိုး၊ နီပေါအသင်းကို လေးဂိုးပြတ်၊ အိုမန်အသင်းကို နှစ်ဂိုးပြတ်အနိုင်ရထားခြင်းဖြစ်သည်။ နိုဝင်ဘာ ၂၈ ရက်က ကစားသည့် အိုမန်အသင်းနှင့်ပွဲမှာ မြန်မာအသင်း အတွက်ခြေစစ်ပွဲ အောင်မြင်ရေး အရေးပါသည့်ပွဲဖြစ်ခဲ့ပြီး သရေကျ၍ပင် မရသည့်အနေအထားတွင် မြန်မာကစားသမားများ၏ မိနစ် ၉၀ စလုံး နိုင်လိုစိတ်ပြင်းပြမှုက ပွဲရလဒ်ဖြစ်သွားပြီး နှစ်ဂိုး-ဂိုးမရှိဆိုသည့် ရလဒ်ဖြင့် ထိုက်ထိုက်တန်တန် အနိုင်ယူခဲ့ခြင်းဖြစ်သည်။

 

မြန်မာ ယူ-၁၇ ကစားသမားများအနေဖြင့် ခြေစစ်ပွဲကာလအတွင်း တစ်ပွဲထက်တစ်ပွဲ အမှားနည်းလာသလို အိုမန်နှင့်ပွဲမှာမူ လုံးဝအမှား မရှိသည့်အနေအထားမျိုး ပြသနိုင်ခဲ့သည်။

 

မြန်မာ ယူ-၁၇ အသင်းအနေဖြင့် အာရှဖလား ခြေစစ်ပွဲအောင်မြင်ရန် မိနစ် ၉၀ သာ ကျန်ရှိတော့သည်။ ဆီးရီးယားအသင်းနှင့် မိနစ် ၉၀ ပြီးလျှင် မျှော်လင့်ချက်ပန်းတိုင်ကို ရောက်ပြီဖြစ်သည်။ သို့သော် မြန်မာကစားသမားများအနေဖြင့် နိုင်လိုစိတ်များပြီး စိုးရိမ်စိတ်မများရန်သာလိုသည်။ အိုမန်အသင်းနှင့်ပွဲကဲ့သို့ အမှားနည်းနည်းနှင့် ကိုယ့်ပုံစံအတိုင်း ကစားနိုင်ရန်သာလိုသည်။ ကျားကုတ်ကျားခဲကစားရန် ခွန်အားအပြည့်ပေးမည့် ပရိသတ်အားကလည်း အိုမန်အသင်းနှင့်ပွဲကဲ့သို့ ပရိသတ်သောင်းဂဏန်းရှိမှာ သေချာသည်။ ထို့ကြောင့် ပရိသတ်အား၊ အသင်းသားအားလုံး၏ ကြိုးစားအားထုတ်မှုတို့နှင့် သုဝဏ္ဏကွင်းမြက်ခင်းပြင်ပေါ်တွင် ဆော်ဒီအာရေဗျသို့သွားရောက်မည့် အာရှဖလား ယူ-၁၇ ၀င်ခွင့်ကို မြန်မာ ယူ-၁၇ အသင်း ရယူနိုင်မည်ဟု စိတ်ချယုံကြည်မိပါသည်။

 

သတင်း-ကိုညီလေး၊ ဓာတ်ပုံ-စိုးညွန့်သော်

No comments

Powered by Blogger.