ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ပဲခူးတိုင်း(အနောက်ခြမ်း) စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ ကွင်းဆင်းစစ်ဆေး

 



သာယာဝတီ နိုဝင်ဘာ ၂၇

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး ဝန်ကြီးများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက သာယာဝတီခရိုင် သုံးဆယ်မြို့ ဗေဒင်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဒုတိယအကြိမ် မဲစာရင်းထုတ်ပြန်ကြေညာမှုကို အများပြည်သူ စိတ်ဝင်တစား လာရောက် ကြည့်ရှုနေမှုအား ကြည့်ရှုအားပေးပြီး မဲစာရင်း လာရောက် ကြည့်ရှုကြသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

ထို့နောက် နတ်တလင်းခရိုင် ဇီးကုန်းစျေးအတွင်း ယခင်ပျံကျ သားငါးစျေးရုံအား တိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၁၁၅ ဒသမ ၂ သန်းဖြင့် အရှည် ၉၆ ပေ၊ အကျယ်ပေ ၄၀၊ အမြင့် ၁၂ ပေရှိ ဆိုင်ခန်း ၉၀ ပါ စျေးရုံအသစ် တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး စျေးရုံများ အလိုက် သန့်ရှင်းသပ်ရပ်မှုရှိစေ ရေး၊ မီးဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်ရန်မှာကြားသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် သဲကုန်းမြို့နယ် အင်းမမြို့ မြို့လယ်ဓမ္မာရုံ၌ ဒေသခံ ပြည်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင် အခွင့်အလမ်း တိုးတက်ရရှိစေရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး ဒေသခံပြည်သူများ၏ လိုအပ် ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ရွှေတောင်မြို့နယ် နွားမယံကျေးရွာအုပ်စု၌ တန်ဖိုးမြှင့်စပါးမျိုး ရေဆင်း ပေါ်ဆန်း(၁)နှင့် ရေဆင်း ပေါ်ဆန်း(၂) စမ်းသပ်စိုက်ပျိုး ရိတ်သိမ်းနေမှုကို ကွင်းဆင်း ကြည့်ရှုအားပေးရာ တစ်ဧကလျှင် ပေါ်ဆန်း စပါးမျိုးသန့်စင်ပြီး ၈၄ တင်းခန့် ထွက်ရှိကြောင်း သိရ သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ တစ်နှစ် နှစ်သီးစိုက် လယ်မြေများတွင် တန်ဖိုးမြှင့် ပေါ်ဆန်းစပါးမျိုးများ တိုးချဲ့စိုက်ပျိုးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ် ဆောင်ရွက်ပေးကာ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူးက သီးနှံအလိုက် စိုက်ပျိုးရေးဆိုင်ရာ သိကောင်းစရာများ အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)

No comments

Powered by Blogger.