ကရင်သက္ကရာဇ် ၂၇၆၅ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်
ဘားအံ နိုဝင်ဘာ ၁၂
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်တွင် ကျရောက်မည့်
ကရင်သက္ကရာဇ် ၂၇၆၅ ခုနှစ် ကရင်အမျိုးသား နှစ်သစ်ကူးနေ့နှင့် ကောက်သစ်စားပွဲကို ဘားအံမြို့
အမှတ်(၄)ရပ်ကွက် သီရိကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ယမန်နေ့မွန်းလွဲ
၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂)၌ ကျင်းပသည့် ကျင်းပရေးဦးစီးကော်မတီနှင့်
အထောက်အကူပြု လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။
အဆိုပါပွဲတော်ကို ကရင်အမျိုးသားအလံတင်
အခမ်းအနား၊ နှစ်သစ်ကူးနေ့အခမ်းအနား၊ ကောက်သစ်စားပွဲတို့နှင့်အတူ ပွဲတော်မတိုင်မီ ကြိုဆိုဂုဏ်ပြုသောအားဖြင့်
လမ်း၊ တံတား၊ အခြေခံအဆောက်အအုံဖွင့်ပွဲများ၊ အားကစားပြိုင်ပွဲများ၊ ကရင်တိုင်းရင်းသားတို့၏
ပဒေသာ အကအလှများဖြင့် ဖျော်ဖြေဧည့်ခံပွဲများ၊ ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ
ကျင်းပသွားမည်ဖြစ်ပြီး ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက
ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းကော်မတီ
အသီးသီးကို ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီး ယခုအစည်းအဝေးတွင် လိုအပ်သည်များ၊ ဖြည့်ဆည်း
ဆောင်ရွက်ပေးရမည့်ကိစ္စရပ်များနှင့် ဆုံးဖြတ်အတည်ပြုပေးရမည့် ကိစ္စရပ်များကို တင်ပြဆွေးနွေး
ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးများက ကရင်အမျိုးသားနှစ်သစ်ကူးနေ့နှင့်
ကောက်သစ်စားပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်မည့် အစီအမံများကို
သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြပြီး ကျင်းပရေးအထောက်အကူပြု လုပ်ငန်းကော်မတီ
အတွင်းရေးမှူးများက သက်ဆိုင်ရာ လုပ်ငန်းကော်မတီအလိုက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့်
ဆုံးဖြတ်အတည်ပြုပေးရမည့်ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြသည်။ ဆက်လက်၍ တက်ရောက် လာသူများက
ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြရာ ဆွေးနွေးတင်ပြမှုများအပေါ် ကျင်းပရေးဦးစီး ကော်မတီဥက္ကဋ္ဌ
ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာ
စကားပြောကြားသည်။
ဆက်လက်၍ နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့
အထိမ်းအမှတ် ဒုံးအကပြိုင်ပွဲတွင် ဆုရရှိကြသော ဒုံးအဖွဲ့များက ပြန်လည်ကပြဖျော်ဖြေတင်ဆက်သည့်
အခမ်းအနားကို ယမန်နေ့ညပိုင်းက ဘားအံမြို့ သီရိကွင်း ဒုံးစင်မြင့်၌ ကျင်းပရာ ဒုံးအဖွဲ့ခြောက်ဖွဲ့က
ဖားစည်၊ ကျွဲချို၊ အိုးစည်၊ ဘင်၊ နှဲ၊ မောင်း၊ စည်းဝါး၊ လင်းကွင်းတို့ကို တီးမှုတ်ကြပြီး
ကရင်တိုင်းရင်းသားတို့၏ လူနေမှုဘဝများ၊ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ၊ ခေတ်ကာလအတွင်းကြုံတွေ့နေရသည့်
အခြေအနေများကို ရေးစပ်သီကုံးထားသည့် ကရင်တေးသီချင်းများကိုသံပြိုင်သီဆို၍ မြူးကြွသွက်လက်
မြိုင်ဆိုင်စွာဖြင့် ပြန်လည်ကပြသီဆိုဖျော်ဖြေခဲ့ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊
ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊
ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသား
ပြည်သူများက ကြည့်ရှုအားပေးကြပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အခမ်းအနားကို
ဒုံးအကပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ၊ အားကစား ပြိုင်ပွဲများ၊ ပြပွဲ၊ ပြိုင်ပွဲများ၊
ဒေသအစားအစာနှင့် မုန့်ဈေးရောင်းပွဲများ၊ နိုင်ငံကျော်တေးသံရှင်များနှင့် ဒေသခံတိုင်းရင်းသားတေးသံရှင်များ
ပါဝင်သည့် စင်တင်တေးဂီတဖျော်ဖြေပွဲများ ထည့်သွင်းကျင်းပခဲ့ရာ အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်သူများ၊
ဒေသခံပြည်သူများဖြင့် စည်ကားများပြားစွာ ပါဝင်ဆင်နွှဲကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)

No comments