လွိုင်ကော်မြို့၌ (၃၆)နှစ်မြောက် ကလေးသူငယ်များအခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ်(ကမ္ဘာ့ကလေးများနေ့)အခမ်းအနား ကျင်းပ
လွိုင်ကော် နိုဝင်ဘာ ၂၀
(၃၆)နှစ်မြောက် ကလေးသူငယ်များအခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း
နှစ်ပတ်လည်နေ့ အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊
ပြည်နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊
ကလေးငယ်များနှင့် မိဘများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ လွိုင်ကော်မူလတန်းကြိုကျောင်း ရင်သွေးငယ်များက “လှမ်းလာခဲ့ပါ
ကယားမြေ” သီချင်းဖြင့် ကပြဖျော်ဖြေကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း
ပြည်နယ်အတွင်းရှိ ကလေးငယ်များ၊ မသန်စွမ်းကလေးငယ်များ၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ
ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး အလေးထားအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊
ကလေးငယ်များ၏ အနာဂတ်တွင် လူတော်လူကောင်းများ၊ နိုင်ငံ့သားကောင်းများဖြစ်လာအောင် တာဝန်ရှိသူများအားလုံးက
အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အလေးထားဆောင်ရွက်ကြစေ လိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကပြဖျော်ဖြေကြသည့် ရင်သွေးငယ်လေးများအား
ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ရာ ကလေးငယ်များက လက်ခံရယူကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် (၃၆)နှစ်မြောက်
ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းနှစ်ပတ်လည်နေ့ Video Clip ပြသမှု၊
အမှတ်(၇၂၂) ထောက်ပံ့ရေးနှင့်ပို့ဆောင်ရေးတပ်ဖွဲ့ တပ်တွင်းကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း
ရင်သွေးငယ်လေးများက “စည်းလုံးခြင်းအတွက်သီချင်း”၊ လွိုင်ကော်မူလတန်းကြိုကျောင်း
ရင်သွေးငယ်လေးများက “ငိုင်ဂေါ် ဂျိန်းဖော”သီချင်းများဖြင့် ကပြဖျော်ဖြေမှုကို
ကြည့်ရှုအားပေးကာ တက်ရောက်လာသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားခဲ့ကြောင်း
သိရသည်။
ပြည်နယ်(ပြန်/ဆက်)

No comments