တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)မှ တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့ ဟိုင်းကြီးကျွန်းမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
နေပြည်တော် နိုဝင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး
ဟိုင်းကြီးကျွန်းမြို့နယ်အတွင်းရှိ ကျေးရွာများနှင့်ပတ်ဝန်း ကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား
ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်ပင်လယ်သွားဆေးရုံ
ရေယာဉ်(သံလွင်)ဖြင့် ရောက်ရှိနေသည့် တပ်မတော်မှပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများ
ပါဝင်သော တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး
ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူ
၅၃၀ အား နယ်မြေခံတပ်မတော်ဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာ ရောဂါ ၁၉၂ ဦး၊ ခွဲစိတ်ရောဂါ
၅၉ ဦး၊ သားဖွားမီးယပ်ရောဂါ ၁၆ ဦး၊ ကလေးရောဂါ ၄၂ ဦး၊ အရိုးရောဂါ ၇၉ ဦး၊ နား၊ နှာခေါင်း၊
လည်ချောင်း ရောဂါ ၄၉ ဦး၊ မျက်စိရောဂါ ၇၈ ဦး နှင့် သွားနှင့်ခံတွင်းရောဂါ ၁၅ ဦး တို့ကို
လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ၎င်းတို့ အနက် အထွေထွေခွဲစိတ်လူနာ ၁၀
ဦး၊ မျက်စိခွဲစိတ်လူနာ ခုနစ်ဦး၊ ဓာတ်မှန်ရိုက်လူနာ ၁၈ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ
၃၆ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၂၇ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၄၈ ဦးတို့ကို
ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။
ထို့ပြင် တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ ပါရဂူများက ဟိုင်းကြီးကျွန်းမြို့နယ်
စံပြကျေးရွာနေ ဦးအောင်ဖြိုး၏ဇနီး ဒေါ်ဖြူဖြူသင်း၏ ပထမဆုံးကိုယ်ဝန်ကို နံနက် ၇ နာရီ
၅၁ မိနစ်တွင် ၅ ပေါင် ၄ အောင်စရှိ သမီးဦးရတနာ မသင်းသံလွင်အား အောင်မြင်စွာခွဲစိတ် မွေးဖွားပေးနိုင်ခဲ့ပြီး
မိခင်နှင့်ကလေးမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိသည်။
၎င်းကလေးငယ်အား တာဝန်ရှိသူများက ချီးမြှင့်ငွေနှင့် လက်ဆောင်ပစ္စည်းများပေးအပ်သည်။
အဆိုပါကလေးငယ်သည် ယခုခရီးစဉ်အတွင်း ပထမဆုံးအကြိမ် မွေးမွားပေးခဲ့သည့် ကလေးငယ်ဖြစ်ပြီး
တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ဖြင့် ၂၀၁၆ ခုနှစ်မှစ၍ မြန်မာ့ပင်လယ်ကမ်းရိုးတန်း
ဒေသများနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ
ဆောင်ရွက်ပေးလျက်ရှိရာ (၁၈)ကြိမ်မြောက်အထိ ကိုယ်ဝန်ဆောင်မိခင် ၂၂ ဦးတို့အား အောင်မြင်စွာ
မွေးဖွားပေးနိုင်ခဲ့ပြီး ယခု (၁၉)ကြိမ်မြောက်တွင် ၂၃ ဦးမြောက် ကိုယ်ဝန်ဆောင်မိခင်ကို
အောင်မြင်စွာမွေးဖွားပေးခဲ့ခြင်းဖြစ်သည်။
အလားတူ ၂၀၁၆ ခုနှစ် မတ် ၂ ရက်တွင် ပထမဦးဆုံးအောင်မြင်စွာ မွေးဖွားပေးခဲ့သည့်
အသက်(၁၀) နှစ်အရွယ်ရှိ သမီးငယ်မေသံလွင်အား တပ်မတော် ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ပေါ်တွင်
တာဝန်ရှိသူများက ခေါ်ယူတွေ့ဆုံပြီး ချီးမြှင့်ငွေနှင့် အာဟာရပြည့်စားသောက်ဖွယ်ရာများကို
ပေးအပ်ပြီး ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးကြသည်။
ယင်းအပြင် ဒေသခံပြည်သူများ၏ ဆေးဝါးကုသခံယူနေမှုများကို နယ်မြေခံတပ်မှ
တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး မျက်စိခွဲစိတ်လူနာများအား မျက်မှန်များတပ်ဆင်ပေးခြင်း၊
အာဟာရပြည့်စားသောက် ဖွယ်ရာများပေးအပ်ခြင်းနှင့် ဆေးကုသမှုခံယူကြသည့် ဒေသခံပြည်သူများ
အဆင်ပြေစေရန်အတွက် မော်တော်ယာဉ်များဖြင့် အကြို/အပို့ ဆောင်ရွက်ပေးသည့်အပြင် နံနက်စာကျွေးမွေးခြင်းများ
ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ်
ဒေသခံပြည်သူများ၏ စကားသံများကိုလည်း ယခုလိုပဲကြားသိခဲ့ရပါသည် -
၁။ အခုကသုံးမျိုးပြတာပါ။ အထွေထွေလည်းပြတယ်။ သွားလည်းပြတယ်။ မျက်စိလည်းပြတယ်။
မျက်စိလည်းမခွဲရဘူး။ ဆေးတွေတော့ပေးလိုက်တယ်။ အားလုံးအဆင်ပြေတယ်လေ။ အခုပြန်ပြီးတော့
ပို့တော့လည်း ကားကြီးနဲ့ ပြန်လိုက်ပို့တယ်။ အခုလိုပို့ပေးတာ အားလုံးအဆင်ပြေတယ်။ ဆေးရုံမှာ
ခုနစ်နှစ် လောက်ကြာပါတယ်။ မျက်စိတစ်လုံးခွဲထားတာရှိတယ်။ ခုနစ်နှစ်လောက်ကြာသွားပြီပေါ့။
အဲဒါမျက်စိထဲမှာ ကပ်တတ်တတ် ဖြစ်လို့လာပြတာခွဲဖို့မလိုဘူး။ ဆေးပဲပေးလိုက်တယ်။ အကုန်လုံးကုသပေးတဲ့
နေရာမှာလည်းနွေးထွေးမှုရှိတယ်။ အလွန်ကောင်းပါတယ်။ ထမင်းလည်း မနက်စာကျွေးတယ်။ သင်္ဘောသားတွေ
အားလုံး၊ အရာရှိ၊ အရာခံတွေ အားလုံး ဒီမှာလာပြီးတော့ဝိုင်းဝန်း ပြီးလုပ်ပေးတဲ့သူအားလုံး
ကျန်းမာချမ်းသာကြပါစေ။ ဘေးခပ်သိမ်း၊ ရန်ခပ်သိမ်းကင်းဝေး ကပ်ကြီးသုံးပါးလည်း ကျော်လွှားနိုင်ပါစေလို့
ဆုတောင်းမေတ္တာ ပို့ပေးပါတယ်။
၂။ ကျွန်တော့်ရဲ့ အမျိုးသမီးကို ဒီသံလွင်သင်္ဘောကြီးရောက်တဲ့ အချိန်နဲ့
တိုက်တိုက်ဆိုင်ဆိုင်မွေးဖွားခဲ့ရလို့ ကျွန်တော်အများကြီး ဝမ်းမြောက်ဝမ်းသာပါတယ်။ ကျွန်တော့်ရဲ့သမီးဦးလည်းဖြစ်တဲ့
အတွက်ကြောင့် ကျွန်တော် အများကြီးပီတိဖြစ်မိပါတယ်။ ကျွန်တော့်ရဲ့ အမျိုးသမီးက ကျန်းကျန်းမာမာနဲ့
ကျွန်တော့်ရဲ့ သမီးလေးလည်း ကျန်းကျန်းမာမာနဲ့မွေးဖွားပေးခဲ့တဲ့ ဆရာတွေအားလုံးကိုလည်း
ကျေးဇူးတင်ပါတယ်။ တခြားနေရာတွေမှာ မြို့တက်ပြီးမွေးဖွားရမယ်ဆိုရင် ကျွန်တော်တို့ ငွေရေးကြေးရေး
အခက်အခဲလေးတွေရှိပါတယ်။ သံလွင်သင်္ဘောကြီးနဲ့ ဒီဟိုင်းကြီးကျွန်းတပ်ဆေးရုံက ဆရာတွေ၊
ဆရာမ တွေအားလုံးရဲ့ ပံ့ပိုးမှုတွေနဲ့ ကျွန်တော်တို့အဆင်ပြေခဲ့ပါတယ်။ စားရေးသောက်ရေးတွေလည်း
ဒီကကျွေးမွေးဧည့်ခံပြီးတော့ ကျွန်တော်တို့နေစရိတ်တွေကအစ၊ နေတာစားတာကအစ အားလုံးထောက်ပံ့ပေးခဲ့ပါတယ်။
၃။ ယောက်မက ခွဲရပါတယ်။ ကျွန်မကိုကျတော့ မြို့မှာသွားပြီး စမ်းသပ်ပြီးတော့
မျက်မှန်တပ်လို့ ပြောပါတယ်။ အုပ်ချုပ်ရေးမှူးက ကြေညာထားတဲ့အခါကျတော့ ကျွန်မအဆင်ပြေတယ်တဲ့။
သွားကုလို့ရတယ်ဆိုတဲ့ အခါကျတော့ ကျွန်မလည်း ဒီကိုလာခဲ့တာပါ။ စားတာသောက်တာ ကျွေးတာမွေးတာ
အကုန်ကောင်းတယ်။ ဆက်ဆံမှုတွေပါ အကုန်ကောင်းပါတယ်။ ကျေးဇူးတင်ပါတယ်။ ဗိုလ်ကြီးတို့ကလည်း
ဆုတောင်းပေးတယ်။ ကျေးဇူးတင်တဲ့အကြောင်းလည်း ပြောခဲ့ပါတယ်။ ဆရာဝန်ကြီးတွေလည်း ကောင်းပါတယ်။
ကုသပေးသူလည်းကောင်းပါတယ်။ အားလုံးလည်းကောင်းပါတယ်။ နှစ်စဉ်နှစ်တိုင်းလည်း ဒီလိုပဲလာနိုင်ပါစေလို့
အမြဲတမ်းလည်း ဖိတ်ခေါ်ပါတယ်။
သတင်းစဉ်




No comments