တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး



ထားဝယ် နိုဝင်ဘာ ၂၉

 

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှု အားပေးပြီး ကျောင်းအနောက်ဘက်ရှိ မြေနေရာတွင် ကျောင်းသားကျောင်းသူများအတွက် ဘောလုံးအားကစားကွင်း တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးကာ ဘောလုံးအားကစားကွင်းအပြင် မြေဧရိယာအပေါ်မူတည်၍ ပြေးလမ်း၊ ဘော်လီဘော အားကစားကွင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မှာကြားပြီး ကျောင်းအားကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဗျောတောဝရပ်ကွက် မျှောအင်းလမ်းသွယ်(ပေ ၉၅၀ x ၁၂ ပေ) ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ရပ်ကွက်နေပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ ရပ်ကွက်နေပြည်သူများ ကျန်းမာရေးအပြင် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းကျဉ်းမြောင်းသည့်နေရာ၌ ထပ်မံတိုးချဲ့ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ မျှောအင်းလမ်း- လေယာဉ်ကွင်းလမ်း ဖောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် အိုးလုပ်ရပ်၊ စေတနာလမ်း(ပေ ၁၆၀၀ x ၁၂ ပေ) ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု၊ ထားဝယ်မူလတန်းကြိုကျောင်းရှိ ကျောင်းသားကျောင်းသူများအတွက် ထမင်းစားဆောင် ဆောက်လုပ်နေမှုနှင့် ထိန်သစ်ရပ်၊ မဟာရွှေဂုဏ်ထူးလမ်း( ပေ ၁၁၈၀ x ၁၂ ) ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးကာ လုပ်ငန်းများဆောင်ရွက်ရာတွင် ရေရှည်ခိုင်မြဲစေရေး၊ သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း လုပ်ငန်းများပြီးစီးရေးတို့ကို အလေးအနက် ထားဆောင်ရွက်ပေးကြရန် မှာကြားခဲ့ကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)

No comments

Powered by Blogger.