KK Park နယ်မြေအတွင်း တရားမဝင်အဆောက်အအုံများ ဆက်လက်ဖြိုချဖျက်ဆီး၊ ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများနှင့် ဒုစရိုက်မှုများ ကျူးလွန်နေကြသူများအား အဖွဲ့စုံပါဝင်သည့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များဖြင့် ဆက်လက်ရှင်းလင်းဆောင်ရွက်
နေပြည်တော်
နိုဝင်ဘာ ၂၉
မြန်မာနိုင်ငံ
အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားမှုများ
အများဆုံးအခြေချ လုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်းတာဝန်ရှိသူများအပါအဝင်
အဖွဲ့စုံပါဝင်သည့် ပူးပေါင်းစစ်ဆင်ရေးအဖွဲ့များဖြင့် တရားမဝင်
အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်းခြင်း၊ အွန်လိုင်းလိမ်လည် လောင်းကစားမှုလုပ်ငန်းစဉ်များတွင်
အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများနှင့် တရားမဝင်အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းများ
ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့
အွန်လိုင်းလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းများ
ဆောင်ရွက်ရာတွင် မြဝတီ-မဲ့ထော်သလေး (KK Park) နယ်မြေအတွင်းရှိ
အွန်လိုင်းလိမ်လည် လောင်းကစားမှုများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့်
အဆောက်အအုံများကို အပိုင်း(၃)ပိုင်းခွဲ၍ စနစ်တကျ ဖြိုချဖျက်ဆီးခြင်းများ
ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် အပိုင်း (၃) နယ်မြေအတွင်းရှိ တရားမဝင် အဆောက်အအုံ
ခုနစ်လုံးကို ထပ်မံဖြိုချဖျက်ဆီးခဲ့သဖြင့် အပိုင်း(၃) နယ်မြေအတွင်းရှိ အဆောက်အအုံ
၄၂၅ လုံးအနက် ယနေ့အထိ ၁၂၂ လုံး ဖြိုချဖျက်ဆီးခဲ့ကြောင်းနှင့် KK Park နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံ စုစုပေါင်း ၆၃၅ လုံးအနက် ၂၇၀ ကို ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း
သိရသည်။
အလားတူ
ရွှေကုက္ကိုလ်နယ်မြေအတွင်း၌လည်း ရှင်းလင်းဖော်ထုတ်မှုများကို နိုဝင်ဘာ ၁၈ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ
ယနေ့တွင်လည်း ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ လူနေအဆောက်အအုံများ၊ ဂိုဒေါင်များ၊ ဈေးဆိုင်ခန်းများနှင့်
ဟိုတယ်များဖြစ်သော နှစ်ထပ်အဆောက်အအုံတစ်လုံး၊ လေးထပ်အဆောက်အအုံတစ်လုံး၊
ငါးထပ်အဆောက်အအုံ ၁၅ လုံး၊ ခြောက်ထပ် အဆောက်အအုံသုံးလုံး၊
ခုနစ်ထပ်အဆောက်အအုံလေးလုံး၊ ရှစ်ထပ်အဆောက်အအုံနှစ်လုံး စုစုပေါင်း တရားမဝင်
အဆောက်အအုံ ၂၆ လုံးတို့ကို ထပ်မံစစ်ဆေးခဲ့ရာ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုလုပ်ငန်းများ
လုပ်ကိုင်နေသူများကို တွေ့ရှိရခြင်းမရှိဘဲ လက်ကိုင်ဖုန်းနှင့် အသုံးအဆောင်ပစ္စည်းများကို
တစ်ပါတည်းဖြုတ်သိမ်း ယူဆောင်သွားခဲ့ကြောင်း သိရသည်။
ထို့ပြင်
ရွှေကုက္ကိုလ်နယ်မြေအတွင်း၌ အွန်လိုင်းလိမ်လည်မှုများ ဆောင်ရွက်ရာတွင်
အသုံးပြုခဲ့သည့် အဆောက်အအုံများအား နိုဝင်ဘာ ၁၈ ရက်မှ စတင်စစ်ဆေးခဲ့ရာ ယနေ့အထိ တရားမဝင်
အဆောက်အအုံ ၁၃၅ လုံးကို တွေ့ရှိရပြီး အဆိုပါအဆောက်အအုံများအား ပြန်လည်အသုံးပြုမှု မရှိစေရေးအတွက်
သိမ်းဆည်းချိပ်ပိတ်ခြင်းများကို ဆက်လက်ဆောင်ရွက်ခဲ့ရာ ယနေ့တွင်လည်း
သုံးထပ်အဆောက်အအုံ ၃၅ လုံး၊ ခုနစ်ထပ်အဆောက်အအုံ တစ်လုံး၊ ၁၃ ထပ်အဆောက်အအုံ တစ်လုံး
စုစုပေါင်း ၃၇ လုံးကို ချိပ်ပိတ်နိုင်ခဲ့ ရာ စုစုပေါင်း ၁၀၁ လုံးအထိ
ချိပ်ပိတ်သိမ်းဆည်းပြီး ဖြစ်ကြောင်း သိရသည်။
ရွှေကုက္ကိုလ်နယ်မြေအတွင်း
စုစုပေါင်း ဖော်ထုတ်ရှင်းလင်းမှုများအရ ယနေ့အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်
ဝင်ရောက်နေထိုင်သည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၂၀၄၂ ဦးနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှု
ကျူးလွန်ရာတွင် အသုံးပြုသည့် ကွန်ပျူတာ အလုံး ၃၃၁၀၊ မိုဘိုင်း ဖုန်း အလုံး ၂၁၈၇၀၊ star Link ဘန်း ၁၀၂ လုံး၊ Router ၂၂ လုံးနှင့် လုပ်ငန်းသုံးပစ္စည်း အများအပြား
ကို စိစစ်တွေ့ရှိ ဖမ်းဆီးရမိခဲ့ပြီး သိမ်းဆည်းရမိ ပစ္စည်းများအား စနစ်တကျဖျက်ဆီး ရှင်းလင်းခဲ့ကြောင်းနှင့်
ဖော်ထုတ်ရှင်းလင်းခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင်
အဆိုပါနယ်မြေများ၌ ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည့် ပြည်ပနိုင်ငံသားများကို
မြဝတီမြို့နယ် ပူလွဲပူကျေးရွာအုပ်စု ရွှေကုက္ကိုလ်မြိုင် ကျေးရွာအတွင်း လုံထင်းဝင်းရှိ
အဆောက်အအုံ၌ ထိန်းသိမ်းထားရှိပြီး သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးနိုင်ရေးအတွက် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက
လိုအပ်သည့်ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်း လုပ်ငန်းများကို
ဆောင်ရွက်ပေးလျက်ရှိသည်။
၂၀၂၅
ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ နိုဝင်ဘာ ၂၉ ရက်အထိ မြန်မာနိုင်ငံ အတွင်းသို့ တရားမဝင်
ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၂၉၁၅ ဦး
ထိန်းသိမ်းနိုင်ခဲ့ကြောင်းနှင့် ယင်းနိုင်ငံသားအားလုံးကို စစ်ဆေးပြီးစီးခဲ့ပြီး
၎င်းတို့အနက်မှ ၁၀၀၂၉ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံး
လုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့်
ပြည်ပနိုင်ငံသား ၂၈၈၆ ဦး ကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန်
အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကိုကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိကြောင်း
သိရသည်။
နိုင်ငံတော်
အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်မှုများကို အမျိုးသားရေး
တာဝန်တစ်ရပ်အဖြစ် ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေး
ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍
ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်








No comments