ရှမ်းပြည်နယ်၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပ

 


တာချီလိတ် နိုဝင်ဘာ ၂၁

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာကြည့်တိုက်များဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက တာချီလိတ်မြို့ အခြေခံပညာအထက်တန်းကျောင်း (ဟောင်လိတ်)၌ ကျင်းပသည်။

 

ပေးအပ်ချီးမြှင့်

ပွဲတော်ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက ဘင်ခရာတပ်ဖွဲ့၊ ပန်းဖွားအဖွဲ့၊ အကအဖွဲ့များနှင့် အားကစားအဖွဲ့တို့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ကြသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ဟောင်လိတ်၊ ဆန်ဆိုင်း၊ အခြေခံ ပညာအထက်တန်းကျောင်း(တာချီလိတ်) ဘင်ခရာတပ်ဖွဲ့များတွင် ဘင်ခရာပစ္စည်းများ ထပ်မံဖြည့်ဆည်း ဆောင်ရွက်ရန် ချီးမြှင့်ငွေများကိုလည်းကောင်း၊ စာကြည့်တိုက်အတွက် သုတ၊ ရသစာအုပ်များကို လည်းကောင်း ပေးအပ်ရာ ကျိုင်းတုံခရိုင် ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးတို့က လက်ခံရယူကြသည်။

 

ဆက်လက်၍ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးက အလှူငွေနှင့်သုတရသစာအုပ်များကို လည်းကောင်း၊ စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရှိသူများကိုလည်းကောင်း ဆုများပေးအပ် ချီးမြှင့်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးနှင့် ဆုရကျောင်းသား ကျောင်းသူများက လက်ခံရယူကြသည်။

 

ထို့နောက် ကျပန်းစကားပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲတို့တွင် ဆုရကျောင်းသား ကျောင်းသူများအား ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် မြို့မိ မြို့ဖတစ်ဦးတို့က ဆုများပေးအပ်ချီးမြှင့်ကြသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူတို့သည် ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲ၊ စာအုပ်ပြပွဲ၊ ဂုန်နီအိတ်စွပ် ပြိုင်ပွဲ၊ ခုံဖိနပ်စီးပြိုင်ပွဲ၊ ခွက်နင်းကစားပြိုင်ပွဲ၊ ခါးကွင်း လှည့်ပြိုင်ပွဲ၊ ရုပ်ပုံဆက်၊ စကားပုံဆက်၊ မြားပစ်၊ ဆေးရောင်ခြယ်၊ အရုပ်ခေါက်ပြိုင်ပွဲတို့ကို ကြည့်ရှုအားပေးကြပြီး အနိုင်ရရှိသူများအား ဆုများချီးမြှင့်ပေး၍ ပညာဗိမာန်စာကြည့်တိုက်၊ ကိုယ်ပိုင်အထက်တန်းကျောင်းများ သိပ္ပံပြခန်းနှင့် အခြေခံပညာကျောင်းများ သိပ္ပံပြခန်းတို့ကို လှည့်လည် ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)

No comments

Powered by Blogger.