ပေါက်ခေါင်းမြို့နယ်၌ မိုးစပါး ဧက ၃၀၀၀၀ ကျော် ရိတ်သိမ်းပြီးစီး

 


ပေါက်ခေါင်း နိုဝင်ဘာ ၂၅

 

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်တွင် ရာသီအလိုက် အဓိကစိုက်ပျိုး​သော သီးနှံတစ်မျိုးဖြစ်သည့် မိုးစပါး ၃၁၉၃၇ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်၍ အထွက်နှုန်းကောင်းမွန်​ကြောင်း သိရသည်။

 

ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ကျေးလက်နေ ပြည်သူအများစုမှာ တောင်သူလယ်သမားများဖြစ်ကြပြီး စိုက်ပျိုးရန်မြေဧက အလွန်​ပေါများသည့်အပြင် တစ်နှစ်ပတ်လုံး သီးနှံမျိုးစုံစိုက်ပျိုးနိုင်စေရန်အတွက် တောင်နဝင်းရေလှောင်တမံကလည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုလျက်ရှိသည်။ နိုဝင်ဘာ ၂၅ ရက်အထိ မိုးစပါး ၃၁၉၃၇ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး တစ်ဧကအထွက်နှုန်းမှာ ၉၀ ဒသမ ၇၆ ရာခိုင်နှုန်းဖြင့် တင်း ၂၈၉၈၆၃၀ ထွက်ရှိကြောင်း သိရသည်။

 

ထို့ပြင် မိုးစပါးကို တောင်သူလယ်သမားများ၏ လယ်ယာမြေများတွင် လျာထားဧက ပြည့်မီကျော်လွန်အောင် စိုက်ပျိုးနိုင်ရေးနှင့် အထွက်နှုန်းကောင်းမွန်စေရေးတို့အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိပြီး လိုအပ်သည့် စက်ပစ္စည်းအကူအညီများနှင့် စိုက်ပျိုးရေးနည်းလမ်းကောင်းများကို ကူညီထောက်ပံ့ပေး လျက်ရှိကြောင်း သိရသည်။

ဖုန်းကျော်ဇင်(ပြန်/ဆက်)

No comments

Powered by Blogger.