နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော (၃၁)ကြိမ်မြောက် အာဆီယံပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
နေပြည်တော် နိုဝင်ဘာ ၂၀
(၃၁)ကြိမ်မြောက် အာဆီယံပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေးနှင့်
ဆက်စပ်အစည်းအဝေးများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ
Jasmine Naypyitaw Hotel ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးမြထွန်းဦး၊ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် Dr. Kao Kim Hourn ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ
ပို့ဆောင်ရေးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဆွေးနွေးဖက်နိုင်ငံများမှ
ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဦးစွာ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် Dr. Kao Kim Hourn က အဖွင့်
အမှာစကားပြောကြားသည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် အာဆီယံမျှော်မှန်းချက်
၂၀၄၅ နှင့်အညီ အာဆီယံအသိုက်အဝန်းသည် နိုင်ငံရေးနှင့်လုံခြုံရေးမဏ္ဍိုင်၊ စီးပွားရေးမဏ္ဍိုင်၊
လူမှုရေးနှင့် ယဉ်ကျေးမှုမဏ္ဍိုင်စသည့် မဏ္ဍိုင်ကြီး ၃ ရပ် အပေါ်အခြေခံထားပြီး မဏ္ဍိုင်တစ်ခုချင်းသည်လည်း
ဆက်နွှယ်နေကြကြောင်း၊ ထို့ကြောင့် အာဆီယံ၏ ၂၀၂၅ အလွန်မျှော်မှန်းချက်ဖြစ်သည့် ပိုမိုပေါင်းစည်း၍
တက်ကြွပြီး ပြည်သူလူထုကိုဗဟိုပြုသော အာဆီယံအသိုက်အဝန်းတစ်ခု ဖော်ဆောင်ရာတွင် ပေါင်းစည်းဆက်နွှယ်မှု၏
အရေးပါမှုကို မီးမောင်းထိုးပြနေခြင်းပင်ဖြစ်ကြောင်း။
ယခုနှစ်သည် ကွာလာလမ်ပူပို့ဆောင်ရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၅)
၏ အပြီးသတ်နှစ်ဖြစ်ပြီး အာဆီယံပို့ဆောင်ရေးစီမံကိန်း (၂၀၂၆-၂၀၃၀)ကို ကြိုဆိုမည့်နှစ်ဖြစ်သည်နှင့်အညီ
အာဆီယံပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးပါသော အချိန်အခါလည်းဖြစ်ကြောင်း၊
(၄၇)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၏ ကြေညာစာတမ်းအရ အာဆီယံ-နယူးဇီလန် လေကြောင်း
ဝန်ဆောင်မှုဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ခြင်းအပေါ်လည်း ဂုဏ်ပြုပါကြောင်း၊
ထိုသို့ ဆောင်ရွက်နိုင်ခြင်းသည် လေကြောင်းဆက်သွယ်မှုအားကောင်းလာစေရန်၊ ကုန်စည်နှင့်ခရီးသွားလုပ်ငန်း
လွယ်ကူချောမွေ့စေရန်နှင့် ပြည်သူအချင်းချင်းဆက်ဆံရေးနက်ရှိုင်းလာစေရန် အရေးပါသည့် မှတ်တိုင်တစ်ခုပင်ဖြစ်ကြောင်း။
သယ်ယူပို့ဆောင်ရေးချိတ်ဆက်မှုသည် အခြေခံအဆောက်အအုံနှင့်သာ သက်ဆိုင်ခြင်းမဟုတ်ဘဲ
တည်ငြိမ်မှု၊ တိုးတက်မှုနှင့် အသိုက်အဝန်းတည်ဆောက်မှုတို့၏ မဟာဗျူဟာမြောက် ဆောင်ရွက်ချက်တစ်ခုလည်း
ဖြစ်သည့်အပြင် အဆိုပါချိတ်ဆက်မှုကြောင့် အပြန်အလှန်လေးစားမှု၊ စည်းလုံးညီညွတ်မှုတို့နှင့်အတူ
အာဆီယံမိတ်ဖက် ဆက်ဆံရေးစိတ်ဓာတ်ကို ထာဝရထိန်းသိမ်းလျက် အတူတကွ လက်တွဲဆောင်ရွက်သွားမည်ဆိုပါက
ပိုမိုတိုးတက်မှုများ ရှိလာမည်ဟုလည်း ယုံကြည်ပါကြောင်း။
မိမိတို့နိုင်ငံအနေဖြင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို
လာမည့်ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ရွေးကောက်ပွဲကျင်းပခြင်းသည်
ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို ပြန်လည်ထူထောင်ရန်နှင့် အမျိုးသားစည်းလုံးညီညွတ်မှုကိုမြှင့်တင်ရန်
အရေးကြီးသည့်မှတ်တိုင် တစ်ခုအဖြစ်ဆောင်ရွက်နေကြောင်း၊ မိမိတို့နိုင်ငံ၏ ရွေးကောက်ပွဲအပေါ်
အာဆီယံမိသားစုများ၏ နားလည်မှု၊ ပံ့ပိုးမှုနှင့်အပြုသဘောဆောင်သည့် ထိတွေ့ဆက်ဆံမှုများကို
တန်ဖိုးထားပါကြောင်းနှင့် အာဆီယံအနေဖြင့် ပိုမိုခိုင်မာစည်းလုံးညီညွတ်ပြီး အနာဂတ်ကာလတွင်
ရှေ့ကိုမျှော်မှန်းနိုင်သည့် အသိုက်အဝန်းတစ်ခုအဖြစ် ဆက်လက်ရပ်တည်နေမည်ဟု မိမိအနေဖြင့်
ယုံကြည်ပါကြောင်း။
အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ ဆွေးနွေးဖက်နိုင်ငံများနှင့် အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ရုံးတို့အနေဖြင့်
မိမိတို့နိုင်ငံကို စဉ်ဆက်မပြတ်ပူးပေါင်းဆောင်ရွက်မှုနှင့် ပံ့ပိုးကူညီမှုများအတွက်
ကျေးဇူးတင်ရှိပါကြောင်း၊ အာဆီယံကိုတည်ငြိမ်အေးချမ်းပြီး သာယာဝပြောသည့် ဒေသတစ်ခုအဖြစ်
တည်ဆောက်ရန်ဆိုသည့် တူညီသောမျှော်မှန်းချက်ကို အောင်မြင်သည်အထိ ဆက်လက်အကောင်အထည်ဖော်ရန်
တိုက်တွန်းလိုကြောင်းနှင့် ယနေ့အစည်းအဝေးတွင်လည်း အကျိုးရလဒ်များစွာရှိသည့် ဆွေးနွေးမှုများ
ဖြစ်ပေါ်လာရန်မျှော်လင့်ပါကြောင်း ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ အခမ်းအနားသို့ တက်ရောက်လာကြသူများက
စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး Strengthening Connectivity , Sharing The
Future ဂုဏ်ပြု တေးသီချင်း မှတ်တမ်း Video Clip ကို ကြည့်ရှုခဲ့ကြကာ ဖွင့်ပွဲအခမ်းအနားကို
ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments