အာဆီယံနှင့် ပစိဖိတ်ဖြတ်ကျော် မိတ်ဖက်ဆက်ဆံမှု ဘက်စုံတိုးတက်ရေး သဘောတူစာချုပ်ဝင် နိုင်ငံများအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင် တက်ရောက်ဆွေးနွေး
နေပြည်တော် နိုဝင်ဘာ ၂၀
အာဆီယံနှင့်ပစိဖိတ်ဖြတ်ကျော် မိတ်ဖက်ဆက်ဆံမှု
ဘက်စုံတိုးတက်ရေး သဘောတူစာချုပ်ဝင် နိုင်ငံများအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ
ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်ဖြင့်ကျင်းပရာ မြန်မာနိုင်ငံ၏
အာဆီယံစီးပွားရေးဝန်ကြီး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဆွေးနွေးသည်။
ဆွေးနွေးပွဲသို့ အာဆီယံနှင့် ပစိဖိတ်ဖြတ်ကျော်
မိတ်ဖက်ဆက်ဆံမှု ဘက်စုံတိုးတက်ရေး သဘောတူစာချုပ်ဝင်နိုင်ငံများ (Comprehensive and
Progressive Agreement for Trans-Pacific Partnership- CPTPP) မှ စီးပွားရေးဝန်ကြီးများ၊
အာဆီယံဒုတိယအတွင်းရေးမှူးချုပ်နှင့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် မလေးရှားနိုင်ငံ ရင်းနှီးမြှုပ်နှံမှု၊
ကုန်သွယ်မှုနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Hon Liew Chin Tong နှင့် ဩစတြေးလျနိုင်ငံ
ကုန်သွယ်မှုနှင့် ခရီးသွားလာရေးဝန်ကြီး၊ အထူးပြည်နယ်ဝန်ကြီး Senator the Hon Don
Farrell တို့က ပူးတွဲ သဘာပတိအဖြစ်ဆောင်ရွက်ပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ နိုင်ငံစုံကုန်သွယ်မှုစနစ်နှင့်
ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ၊ အာဆီယံနှင့် ပစိဖိတ်ဖြတ်ကျော် မိတ်ဖက်ဆက်ဆံမှု
ဘက်စုံတိုးတက်ရေး သဘောတူစာချုပ်ဝင်နိုင်ငံများအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု
တိုးမြှင့်နိုင်ရေး၊ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးအတွက် ဦးစားပေးဆောင်ရွက် ရမည့်နယ်ပယ်များနှင့်
ကုန်သွယ်မှုနှင့် ဝန်ဆောင်မှုမြှင့်တင်ရေး၊ ဒစ်ဂျစ်တယ်ကုန်သွယ်မှု၊ အကောက်ခွန်မဟုတ်သည့်
အစီအမံများ အပါအဝင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေးနှင့်
ထုတ်လုပ်မှုကွင်းဆက်များ ကြံ့ကြံ့ခံနိုင်ရေးစသည့် နယ်ပယ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်
ဆွေးနွေးကြသည်။
ထို့ပြင် အာဆီယံနှင့်ပစိဖိတ် ဖြတ်ကျော်မိတ်ဖက်ဆက်ဆံမှု
ဘက်စုံတိုးတက်ရေး သဘောတူစာချုပ်ဝင် နိုင်ငံများအကြား လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများ
ဆက်လက်ဆောင်ရွက်နိုင်မည့် နယ်ပယ်များ ရှာဖွေနိုင်ရေးအတွက် ဒုတိယအကြိမ် ဆွေးနွေးပွဲကို
၂၀၂၆ ခုနှစ်တွင် ကျင်းပနိုင်ရေး တာဝန်ပေးအပ်ခြင်းနှင့် အာဆီယံနှင့်ပစိဖိတ်ဖြတ်ကျော်
မိတ်ဖက်ဆက်ဆံမှု ဘက်စုံတိုးတက်ရေး သဘောတူစာချုပ်ဝင်နိုင်ငံများမှ စီးပွားရေးဝန်ကြီးများ၏
ပူးတွဲကြေညာချက် ထုတ်ပြန်ခြင်းတို့ကို ဆောင်ရွက်ကြသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက အာဆီယံနှင့်
ပစိဖိတ်ဖြတ်ကျော် မိတ်ဖက်ဆက်ဆံမှု ဘက်စုံတိုးတက်ရေး သဘောတူစာချုပ်ဝင် နိုင်ငံများအကြား
ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေးသည် နှစ်ဖက်စလုံး၏
အကျိုးစီးပွားအတွက် အရေးပါကြောင်း၊ လက်တွေ့ကျသောရလဒ်များ ရရှိစေရန်အတွက် ဘက်ပေါင်းစုံကုန်သွယ်ရေးစနစ်ကို
ခိုင်မာစေရေး၊ ဒစ်ဂျစ်တယ်ကုန်သွယ်ရေးနှင့် ထောက်ပံ့ရေး ကွင်းဆက်ခံနိုင်ရည်ရှိရေးကဲ့သို့သော
အဓိကနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။
ဆွေးနွေးပွဲကို အာဆီယံနှင့် ပစိဖိတ်ဖြတ်ကျော်
မိတ်ဖက်ဆက်ဆံမှု ဘက်စုံတိုးတက်ရေး သဘောတူစာချုပ်ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု
မြှင့်တင်နိုင်မည့်နည်းလမ်းများ ရှာဖွေရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး ပစိဖိတ်ဖြတ်ကျော်
မိတ်ဖက်ဆက်ဆံမှု ဘက်စုံတိုးတက်ရေး သဘောတူစာချုပ်ဝင် နိုင်ငံများတွင် ဩစတြေးလျ၊ ဘရူနိုင်း၊
ကနေဒါ၊ ချီလီ၊ ဂျပန်၊ မလေးရှား၊ မက္ကဆီကို၊ နယူးဇီလန်၊ ပီရူး၊ စင်ကာပူ၊ ဗီယက်နမ်၊ ယူကေ
စသည့် အဖွဲ့ဝင် ၁၂ နိုင်ငံ ပါဝင်ကြောင်း သိရသည်။
သတင်းစဉ်

No comments