မြန်မာနိုင်ငံ စက်မှုဖွံ့ဖြိုးတိုးတက်မှုအတွက် စက်မှုသင်တန်းကျောင်းများ၏ အရေးပါမှုနှင့် လူငယ်များ၏ အခွင့်အလမ်း



ကိုချင်း

 

မြန်မာနိုင်ငံသည် စက်မှုခေတ်မီဖွံ့ဖြိုးတိုးတက်ရေးကို ရည်မှန်းချက်ထားရှိပြီး ဆောင်ရွက်လျက်ရှိရာ ယင်းအတွက် မရှိမဖြစ် လိုအပ်သောအချက်မှာ ကျွမ်းကျင်သော လုပ်သားအင်အားစုပင် ဖြစ်ပါ သည်။ စက်မှုဝန်ကြီးဌာနလက်အောက်ရှိ စက်မှု သင်တန်းကျောင်းများ (Industrial Training Centers - ITCs) သည် နိုင်ငံတော်၏ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးရာ နေရာများဖြစ်ပါသည်။

 

စက်မှုဝန်ကြီးဌာနသည် စက်မှုဖွံ့ဖြိုးရေးတွင် ကမ္ဘာ့အဆင့်မီသော ကျွမ်းကျင်မှုလုပ်သားများ မွေးထုတ်နိုင်ရန် ဂျာမနီနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံနှင့် အိန္ဒိယ သမ္မတနိုင်ငံ တို့၏အကူအညီဖြင့် အောက်ပါစက်မှုသင်တန်း ကျောင်း ရှစ်ကျောင်းကို ဖွင့်လှစ်ထားရှိပါသည်-

 

(၁) အမှတ်(၁) စက်မှုသင်တန်းကျောင်း (ဆင်တဲ)

(၂) အမှတ်(၂) စက်မှုသင်တန်းကျောင်း (မန္တလေး)

(၃) အမှတ်(၃) စက်မှုသင်တန်းကျောင်း (သာဂရ)

(၄) အမှတ်(၄) စက်မှုသင်တန်းကျောင်း (ပခုက္ကူ)

(၅) အမှတ်(၅) စက်မှုသင်တန်းကျောင်း (မကွေး)

(၆) အမှတ်(၆) စက်မှုသင်တန်းကျောင်း (မြင်းခြံ)

(၇) အမှတ်(၇) စက်မှုသင်တန်းကျောင်း (မုံရွာ)

(၈) အမှတ်(၈) စက်မှုသင်တန်းကျောင်း (သထုံ)

 

အမှတ်(၁) စက်မှုသင်တန်းကျောင်း (ဆင်တဲ) တွင် စက်မှုကျွမ်းကျင် နှစ်နှစ်သင်တန်းကို ဖွင့်လှစ် ထားပြီး အခြားသင်တန်းကျောင်း ခုနစ်ကျောင်းတွင် စက်မှုကျွမ်းကျင် တစ်နှစ်သင်တန်းများ ဖွင့်လှစ် သင်ကြားပေးခြင်းတို့ ဆောင်ရွက်လျက်ရှိသည့်အပြင် ကျွမ်းကျင်မှုအခြေပြု ကာလတိုသုံးလ သင်တန်းသင်ကြားပေးခြင်း၊ စက်မှုသင်တန်းကျောင်းများမှ စက်မှုနှင့်အသက်မွေးပညာ ရွေ့လျား သင်တန်းများအား နှစ်ပတ်ကြာဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ လိုက်လံဖွင့်လှစ်သင်ကြား ပေးခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။

 

စက်မှုကျွမ်းကျင် တစ်နှစ်/ နှစ်နှစ်သင်တန်းများ ကို KG+12 ပြီးမြောက်သူများ တက်ရောက်နိုင်ပြီး စက်မှုနည်းပညာဘာသာရပ် ၁၆ မျိုးဖြစ်သည့် စက်ကိရိယာကိုင်တွယ် မောင်းနှင်မှုသင်တန်း (Machine Tools Operator)၊ စက်ရုံပစ္စည်းဖစ်တာ သင်တန်း (Machinery Fitter)၊ ကိရိယာနှင့် ပုံနှိပ် ပုံပြုလုပ်သူ သင်တန်း (Tools and Die Maker)၊ မော်တော်ယာဉ် စက်ပြင်သင်တန်း (Automobile Mechanic)၊ လျှပ်စစ်ပညာသည်သင်တန်း (Electrician)၊ ပုံသွင်းပုံလောင်းပြုလုပ်မှု သင်တန်း (Pattern Maker)၊ စက်မှုပုံဆွဲသင်တန်း (Mecha-nical Draughtsman)၊ ကွန်ပျူတာသုံးဒီဇိုင်း ထုတ်လုပ်သူသင်တန်း (CAD/CAM)၊ ဂဟေဆက် သင်တန်း (Welder)၊ အီလက်ထရောနစ်ပညာသည် သင်တန်း (Electronics Mechanic)၊ ကွန်ပျူတာသုံး စက်ခုတ်စားမှု စက်ကိရိယာကိုင်တွယ်မောင်းနှင်မှု သင်တန်း (CNC Operator)၊ သံရည်ကျိုသင်တန်း (Foundry Man)၊ သတင်းအချက်အလက်နှင့် နည်းပညာသင်တန်း (Information Technology)၊ ရေခဲသေတ္တာနှင့် လေအေးပေးစက်ပြုပြင်ထိန်းသိမ်း ခြင်းသင်တန်း (Refrigeration & Air Conditioning Trade)၊ အဝတ်အထည်ချုပ်လုပ်မှုသင်တန်း (Apparel Manufacturing)၊ ရော်ဘာနည်းပညာ သင်တန်း (Rubber Technology) တို့ကို သင်ကြား ပေးလျက်ရှိပြီး စက်မှုဝန်ကြီးဌာန၏ ပညာသင် ထောက်ပံ့ကြေးဖြင့် တက်ရောက်ခွင့်ရရှိရန်လည်း လျှောက်ထားနိုင်သည့် အခွင့်အရေးများရှိပါသည်။




 

အဆိုပါစက်မှုကျွမ်းကျင် တစ်နှစ်၊ နှစ်နှစ်သင်တန်းကို ကျန်းမာရေးကောင်းမွန်ပြီး စက်မှု ဝါသနာပါသူများ လျှောက်ထားနိုင်ပြီး လျှောက်ထားသူများသည် အောက်ဖော်ပြပါ သတ်မှတ်အရည် အချင်းများနှင့်ကိုက်ညီသူများဖြစ်ပါက လျှောက်ထား ခွင့်ရှိပါသည်-

 

(က) တက္ကသိုလ်ဝင်တန်း (ဒသမတန်း) သင်ယူ/ဖြေဆိုပြီးသူ (သို့မဟုတ်) စနစ် သစ် ပညာရေး၏ KG+12 သင်ယူပြီး မြောက်သူ ဖြစ်ရမည်။

( ခ ) သင်တန်းစတင် ဖွင့်လှစ်သည့်နေ့ရက် တွင် အသက် ၁၆ နှစ်ပြည့်ပြီး ၂၅ နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်။

( ဂ ) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသား (ကျား/မ) ဖြစ်ရမည်။

(ဃ) အိမ်ထောင်မရှိသူ (လူပျို/အပျို) ဖြစ်ရမည်။

( င ) ကျန်းမာရေးကောင်းမွန်သူ ဖြစ်ရမည်။

(စ ) သင်တန်းမှ ချမှတ်ထားသော ဝန်ခံ ကတိစည်းကမ်းများကို လိုက်နာနိုင်သူ ဖြစ်ပြီး သင်တန်းကို ပြီးဆုံးအောင် တက်ရောက်နိုင်သူ ဖြစ်ရမည်။

 

အထက်ပါအချက်များနှင့် ကိုက်ညီပြီး လျှောက်ထားလိုပါက စက်မှုဝန်ကြီးဌာန၊ စက်မှု ပူးပေါင်း ဆောင်ရွက်ရေး ဦးစီးဌာနရှိ သင်တန်းကျောင်းများ ကြီးကြပ်ရေးဌာနသို့လည်းကောင်း၊ သက်ဆိုင်ရာ စက်မှုသင်တန်းကျောင်းများသို့ လည်းကောင်း ဆက်သွယ်စုံစမ်းနိုင်ပြီး သင်တန်းဖွင့်လှစ်မည့် အကြောင်းအား နိုင်ငံပိုင်သတင်းစာများ၊ ဝန်ကြီး ဌာန Website များတွင် ကြော်ငြာထည့်သွင်းပါသည်။

ကျွမ်းကျင်မှုအခြေပြု ကာလတိုသုံးလသင်တန်း များကို KG+9 ပြီးမြောက်သူများ တက်ရောက်နိုင်ပြီး စက်မှုနည်းပညာဘာသာရပ် လေးမျိုးဖြစ်သည့် လျှပ်စစ်ဂဟေဆက်သင်တန်း(Metal Arc Welding/ Manual Metal Arc Welding)၊ ဓာတ်ငွေ့ဂဟေဆက် သင်တန်း (Metal Inert Gas / Metal Active Gas)၊ မော်တော်ဆိုင်ကယ် စက်ပြင်သင်တန်း (Motor-cycle Mechanic)၊ စိုက်ပျိုးရေးသုံး စက်ပြင် သင်တန်း (Small Farm Engine Mechanic) တို့ကို သင်ကြား ပေးပါသည်။

 

စက်မှုနှင့်အသက်မွေးပညာ ရွေ့လျားသင်တန်း များကို KG+5 ပြီးမြောက်သူများအား လေ့ကျင့် သင်ကြား ပေးလျက်ရှိရာ စက်မှုနည်းပညာဘာသာရပ် လေးမျိုးဖြစ်သည့် အခြေခံစက်ပြင်သင်တန်း၊ အခြေခံလျှပ်စစ်သင်တန်း၊ အခြေခံဂဟေဆက် သင်တန်း၊ အခြေခံမော်တော်ယာဉ် ပြုပြင်ထိန်းသိမ်း ခြင်းသင်တန်းတို့ကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။ ကျေးလက်နှင့် ဝေးလံသောဒေသများရှိ လူငယ်များပါ အခြေခံကျွမ်းကျင်မှုများ ရရှိစေရန် သင်တန်းကျောင်းများမှ ဆရာများသည် ဒေသ အသီးသီးသို့ သွားရောက်၍ နှစ်ပတ်ကြာသင်တန်းများ ပို့ချပေးခြင်းဖြစ်ပါသည်။ ဤသည်မှာ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဒေသတွင်း လူ့စွမ်းအားဖွံ့ဖြိုးရေးအတွက် အရေးပါသော ခြေလှမ်း တစ်ရပ်ပင် ဖြစ်ပါသည်။

 

စက်မှုဖွံ့ဖြိုးရေး၏ အုတ်မြစ်

စက်မှုသင်တန်းကျောင်းများသည် မြန်မာနိုင်ငံ၏ စက်မှုဖွံ့ဖြိုးတိုးတက်မှုအတွက် ခိုင်မာသော အုတ်မြစ် တစ်ရပ်ပင် ဖြစ်ပါသည်။ လျှပ်စစ်၊ စက် ပစ္စည်းများ၊ သံမဏိလုပ်ငန်း၊ ဆောက်လုပ်ရေး စသည့် ကဏ္ဍအသီးသီးအတွက် လိုအပ်သော ကျွမ်းကျင်အလုပ်သမားများကို ဤသင်တန်းကျောင်းများမှ တစ်ဆင့် မွေးထုတ်ပေးနေခြင်း ဖြစ်ပါသည်။ လက်တွေ့အသုံးချနည်းပညာများနှင့် ခိုင်မာသော အခြေခံအသိပညာများဖြင့် လူငယ်များအား ပြင်ဆင်သင်ကြားပေးခြင်းဖြင့် စက်ရုံများ၊ စက်မှု ဇုန်များ၏ လူ့စွမ်းအားအရင်းအမြစ် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ပါသည်။

 

လူငယ်များ၏ အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းများ တိုးတက်စေခြင်း

စက်မှုသင်တန်းကျောင်းများသည် လူငယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းများနှင့် အသက် မွေးဝမ်းကျောင်း ဖွံ့ဖြိုးတိုးတက်ရေးကို တိုက်ရိုက်အထောက်အကူပြုနေပါသည်။ ဤ သင်တန်းများမှ သင်တန်းဆင်းသူများသည် သီအိုရီအသိပညာနှင့် လက်တွေ့ကျွမ်းကျင်မှု ၂ မျိုးလုံးကို ပိုင်ဆိုင်ထားပြီ ဖြစ်သဖြင့် လုပ်ငန်းခွင်အတွင်း ချက်ချင်းလက်ငင်း ဝင်ရောက်လုပ်ကိုင်နိုင်စွမ်း ရှိကြပါသည်။ အဆင့်မြင့်ပညာရေးအတွက် အခြေအနေအမျိုးမျိုးကြောင့် အခွင့်အရေးမရခဲ့သူ များအတွက်မူ ဤသင်တန်းစနစ်သည် ပညာရေးနှင့် အလုပ်အကိုင်တို့အကြားရှိ ချိတ်ဆက်ရာ တံတား ကြီးတစ်စင်း ဖြစ်စေပါသည်။

 

စက်မှုလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်း

စက်မှုသင်တန်းကျောင်းများသည် လက်တွေ့လုပ်ငန်းခွင် စက်ရုံများနှင့် မိတ်ဖက်ပြု၍ On-the-Job Training (OJT) နှင့် Apprenticeship စနစ်များကို အကောင်အထည်ဖော် ဆောင်ရွက်ပေး လျက်ရှိပါသည်။ ဤကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုများသည် ထုတ်လုပ်မှုစွမ်းအားကို တိုးတက်စေရုံ သာမက နည်းပညာအကူးအပြောင်း (Technology Transfer) ကိုပါ အထောက်အကူ ဖြစ်စေပါသည်။ သင်တန်းပြီးဆုံးသူတိုင်းသည် လုပ်ငန်းခွင်သို့ တစ်ပြိုင်နက် ဝင်ရောက်နိုင်သော အဆင်သင့်ဖြစ်သည့် နည်းပညာရှင်များ (Job-ready Techni-cians) အဖြစ် ရပ်တည်နိုင်ကြပါသည်။

 

နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီမှု

မြန်မာနိုင်ငံရှိ စက်မှုသင်တန်းကျောင်းများ၏ သင်ရိုးညွှန်းတမ်းများသည် အမျိုးသားကျွမ်းကျင်မှု စံနှုန်းအဖွဲ့ (NSSA) နှင့် ASEAN အရည်အချင်း အသိအမှတ်ပြုမှုမူဘောင် (ASEAN Qualifications Reference Framework - AQRF) တို့နှင့် ကိုက်ညီအောင် ရေးဆွဲထားပါသည်။ ဂျာမနီနိုင်ငံ၏ နှစ်မျိုး လေ့ကျင့်သင်တန်းစနစ် (Dual Training Model) သီအိုရီ (၃၀ရာခိုင်နှုန်း)နှင့် လက်တွေ့ (၇၀ရာခိုင်နှုန်း) ကို ကျင့်သုံးထားပြီး သီအိုရီနှင့်လက်တွေ့မျှတစွာ သင်ကြားပေးနေပါသည်။ ဤသို့ဖြင့် ဤသင်တန်း ကျောင်းများမှ ဘွဲ့ရသူများသည် မြန်မာနိုင်ငံအတွင်း ၌ သာမက ASEAN ဒေသအတွင်းရှိ အလုပ်အကိုင် ဈေးကွက်တွင်ပါ အသိအမှတ်ပြုခံရပြီး လွယ်ကူစွာ ရွှေ့ပြောင်း အလုပ်လုပ်ကိုင် နိုင်ကြပါသည်။

 

စက်မှုထူထောင်ရေး အခန်းကဏ္ဍ

မြန်မာနိုင်ငံသည် (၂၀၂၅-၂၀၃၅) ကာလအတွင်း စက်မှုထွန်းကားရေး (Industrial Renais-sance)ကို ဦးတည် ဆောင်ရွက်လျက်ရှိရာ နည်းပညာတတ်ကျွမ်း၍ စွမ်းဆောင်ရည်မြင့်မားပြီး ဖန်တီးနိုင်စွမ်း ရှိသော ကျွမ်းကျင်ပညာရှင်များ အရေးတကြီး လိုအပ်လျက်ရှိပါသည်။ စက်မှု သင်တန်းကျောင်းများ သည် စက်ရုံများ၌ နည်းပညာရှင် (Technician)၊ ကျွမ်းကျင်သူ (Foreman)၊ ကြီးကြပ်ရေးမှူး (Supervisor) စသည့် နေရာစုံအတွက် လေ့ကျင့်မွေးထုတ်ပေးခြင်းဖြင့် ဤကဏ္ဍ၏ အဓိကအခန်းကဏ္ဍမှ ပါဝင်နေပါသည်။ ၎င်းတို့သည် ပညာရေး၊ နည်းပညာနှင့် ထုတ်လုပ်မှု ကဏ္ဍတို့အကြား အရေးပါသော ဆက်သွယ်ရေးကွန်ရက်တစ်ရပ်အဖြစ် ဆောင်ရွက်ပေးနေပါသည်။

 

စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှု

စက်မှုသင်တန်းကျောင်းမှ လေ့ကျင့်သင်ကြားထားသော ကျွမ်းကျင်လုပ်သား တစ်ဦးသည် ကျွမ်းကျင်မှု မရှိသော လုပ်သားငါးဦး၏ ထုတ်လုပ်မှု ပမာဏတန်ဖိုးအား ဖြည့်ဆည်းပေးနိုင်စွမ်းရှိသည် ဟု ခန့်မှန်းကြပါသည်။ ထို့အပြင် သင်တန်းဆင်းပြီး လစာကောင်းမွန်စွာ ရရှိသူများ၏ ဝင်ငွေတိုးတက် မှုသည် မိသားစုအဆင့်နှင့် ဒေသအဆင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုပါသည်။ ဤကဲ့သို့သော ခိုင်မာသည့် လူသားအရင်းအမြစ် ဖွံ့ဖြိုးမှုသည် မြန်မာနိုင်ငံ၏ စက်မှုစီးပွားရေးခိုင်မာ တိုးတက်ရေးအတွက် အခြေခံအကျဆုံးသော တန်ဖိုးတစ်ရပ်ပင် ဖြစ်ပါသည်။

 

စက်မှုသင်တန်းကျောင်းများသည် မြန်မာနိုင်ငံ၏ စက်မှုပြုပြင်ပြောင်းလဲရေးအတွက် အဓိက မောင်းနှင်အားတစ်ရပ်ပင်ဖြစ်ပြီး ကျွမ်းကျင်သော၊ စည်းကမ်းရှိသော၊ ဆန်းသစ်တီထွင်နိုင်စွမ်းရှိသော နည်းပညာရှင်များကို မွေးထုတ်ပေးခြင်းဖြင့် ပညာရေးနှင့် စီးပွားရေးကဏ္ဍကို ချိတ်ဆက်ပေးကာ နိုင်ငံရေရှည်တည်တံ့ခိုင်မြဲပြီး ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက် ရှိပါသည်။

 

စက်မှုသင်တန်းကျောင်းများ၏ပညာရေးဒဿန

စက်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော စက်မှုသင်တန်းကျောင်းများ (Industrial Training Centres - ITCs) သည် သီးသန့်ပညာရေး ဒဿနတစ်ရပ်ပေါ်တွင် အခြေခံ၍ လည်ပတ်လျက် ရှိပြီး ဤဒဿနသည် သက်ဆိုင်ရာ စက်မှုလုပ်ငန်းများအတွက် ကျွမ်းကျင်သူများကို မွေးထုတ်ရန် ရည်ရွယ်သည့် သိပ္ပံနှင့်လက်တွေ့ ပေါင်းစပ်သော အသက်မွေးဝမ်းကျောင်း ပညာရေးစနစ် (Applied TVET System)ပင် ဖြစ်ပါသည်။

 

၁။ လက်တွေ့လုပ်ဆောင်ခြင်းမှတစ်ဆင့် သင်ယူမှု။ စက်မှုသင်တန်းကျောင်းများ၏ ပညာရေး ဒဿနသည် John Dewey ၏ လက်တွေ့ အသုံးချ ဝါဒ (Pragmatism) အပေါ် အခြေခံထားပါသည်။ ဤနည်းလမ်းတွင် သင်တန်းသားများသည် “လုပ်ရင်းနဲ့သင် (Learning by Doing)” ဆိုပြီး လက်တွေ့ လုပ်ဆောင်မှုများမှတစ်ဆင့် အသိပညာများကို သင်ယူကြပါသည်။ စက်မှုလက်တွေ့သင်ခန်း စာများ၊ လက်ငင်း လုပ်ငန်းခွင်များ၊ မျှော်မှန်းထုတ်လုပ်မှုအခြေအနေများ (Simulation) စသည် တို့သည် ဤအယူအဆပင်ဖြစ်ပါသည်။ စမ်းသပ်ခြင်း၊ လေ့လာခြင်းနှင့် ပြန်လည်သုံးသပ်ခြင်းတို့မှ တစ်ဆင့်နားလည်မှုများ တိုးတက်လာစေရန် ရည်ရွယ်ပါသည်။

 

၂။ ကိုယ်ပိုင်အတွေ့အကြုံမှတစ်ဆင့် အသိပညာ တည်ဆောက်ခြင်း။ Piaget နှင့် Vygotsky တို့၏ တည်ဆောက်ခြင်းဝါဒ (Constructivism) သည်လည်း ITC ပညာရေးစနစ်၏ အခြေခံအုတ်မြစ် ဖြစ်ပါသည်။ ဤနည်းလမ်းတွင် ဆရာများသည် အကြံပေးသူ (Facilitator) အဖြစ် သင်တန်းသား များကို ကိုယ်တိုင်သိမြင်မှုဖန်တီးရန် လမ်းညွှန်ပေး ကြပါသည်။ အဖွဲ့လိုက်လုပ်ဆောင်မှု၊ အုပ်စုလိုက် စဉ်းစားခြင်းနှင့် ပြဿနာဖြေရှင်းခြင်း သင်ခန်းစာများသည် ဤနည်းပညာ၏ အဓိကလက်နက် ကိရိယာများပင် ဖြစ်ကြပါသည်။

 

၃။ လေ့ကျင့်ခြင်းနှင့် ထပ်ကာထပ်ကာ လေ့ကျင့် ခြင်း။ B.F. Skinner ၏ အပြုအမူဝါဒ (Behaviora-lism) သည် ITC သင်တန်းများတွင် ကျယ်ပြန့်စွာ အသုံးပြုလျက်ရှိပါသည်။ လေ့ကျင့်မှု ထပ်ကာ တလဲလဲပြုလုပ်ခြင်းနှင့် အလေ့အကျင့်အသစ် ဖော်ဆောင်ခြင်းတို့မှတစ်ဆင့် သင်ယူမှုဖြစ်စေရန် ရည်ရွယ်ပါသည်။ လုပ်ငန်းကျွမ်းကျင်မှုများကို လက်တွေ့လေ့ကျင့်မှုဖြင့် တိုးတက်လာစေရန် ရည်ရွယ်ပြီး ကျွမ်းကျင်မှုစစ်ဆေးမှတ်တမ်း (Com-petency checklist)၊ စွမ်းဆောင်ရည် အကဲဖြတ် ခြင်း (performance evaluation) နှင့် လက်တွေ့ စမ်းသပ်စစ်ဆေးခြင်း (practical test) များဖြင့် သင်တန်းသား၏ အောင်မြင်မှုကို တိုင်းတာပါသည်။

 

၄။ လူသားတစ်ဦး၏ စွမ်းရည်အပြည့်အစုံ ဖွံ့ဖြိုး ရေး။ Carl Rogers နှင့် Abraham Maslow တို့၏ လူသားဗဟိုပြုဝါဒ (Humanism) သည်လည်း ITC ပညာရေး၏အရေးပါသောကဏ္ဍတစ်ခု ဖြစ်ပါသည်။ သင်တန်းသားတစ်ဦး၏ စွမ်းရည်နှင့် စိတ်ဓာတ် တို့ကို အပြည့်အစုံ ဖွံ့ဖြိုးစေရမည်ဟူသော အယူ အဆပင် ဖြစ်ပါသည်။ ITC သင်တန်းများတွင် လက်တွေ့ကျွမ်းကျင်မှုအပြင် အဖွဲ့လိုက် ဆောင် ရွက်မှု၊ စည်းကမ်းနှင့် တာဝန်ယူမှု စသည့် Soft Skills များကိုပါ သင်ကြားပေးထားပါသည်။ သင်တန်းသားတိုင်း၏ ဂုဏ်သိက္ခာနှင့် မျှော်လင့်ချက်ကို လေးစားခြင်းသည် ဤအယူအဆ၏ အခြေခံ ဖြစ်ပါသည်။

 

၅။ အတွေ့အကြုံမှတစ်ဆင့် သင်ယူမှုစက်ဝန်း။ David Kolb ၏ အတွေ့အကြုံမှတစ်ဆင့် သင်ယူမှု (Experiential Learning) ပုံစံသည်လည်း ITC ပညာရေးတွင် အရေးပါသောနေရာမှ ပါဝင်နေပြန် ပါသည်။ အတွေ့အကြုံ  ပြန်လည်သုံးသပ်မှု  နားလည်စွာဖွဲ့စည်းမှု  လက်တွေ့အသုံးချခြင်း ဟူသော သင်ယူမှုစက်ဝန်းကို အသုံးပြုထားပါသည်။ သင်တန်းသားများသည် Apprenticeship နှင့် On-the-Job Training (OJT)များမှတစ်ဆင့် စက်မှုလုပ်ငန်း၏ စစ်မှန်သော ပတ်ဝန်းကျင်တွင် လေ့လာ ကြရပါသည်။ ပြန်လည်သုံးသပ်အစီရင် ခံစာ (Reflection report) နှင့် လက်တွေ့လေ့ကျင့်မှု မှတ်တမ်းစာအုပ် (practice logbook) များဖြင့် ကိုယ်တိုင်သုံးသပ်နိုင်စေရန် စီစဉ်ပေးထားပါသည်။

 

၆။ ပေါင်းစည်းထားသော ITC ပညာရေး မော်ဒယ်။ ITC ပညာရေးမော်ဒယ်သည် အထက်ဖော်ပြပါ ပညာရေးဒဿနအမျိုးမျိုးကို သဟဇာတ ဖြစ်အောင် ပေါင်းစည်းထားသော ပညာရေး မော်ဒယ်တစ်ခု ဖြစ်ပါသည်။ Pragmatism, Con-structivism နှင့် Experiential Learning တို့ကို အခြေခံပြီး Behaviorism ၏ စည်းကမ်းသတ်မှတ်ချက်များနှင့် Humanism ၏ လူ့တန်ဖိုးအခြေခံ အယူအဆများကို ပေါင်းစည်းထားခြင်း ဖြစ်ပါသည်။ ဤပေါင်းစပ်မှုကြောင့်ပင် ကျွမ်းကျင်မှု၊ သစ္စာရှိမှုနှင့် လက်တွေ့ကျွမ်းကျင်သူများကို မွေးထုတ်နိုင်သော စက်မှုသင်တန်းကျောင်းစနစ် ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။

 

ဤပညာရေးဒဿနသည် စက်မှုသင်တန်းကျောင်းများအား မြန်မာနိုင်ငံ၏ စက်မှုဖွံ့ဖြိုးရေး အတွက် အဓိကကျသော အချက်တစ်ခုအဖြစ် ရပ်တည်စေပြီး ပညာရေးနှင့် လက်တွေ့လုပ်ငန်း ခွင်အကြားရှိ ဟန်ချက်ညီသော ဆက်သွယ်မှုတစ်ခု ဖြစ်လာစေပါသည်။

 

စက်မှုဝန်ကြီးဌာန၏ ITC ပညာရေး တိုးတက်စေရေး ဆောင်ရွက်နေမှုများ

မြန်မာနိုင်ငံ၏ စက်မှုစွမ်းအားကို မြှင့်တင်ရန်အတွက် စက်မှုဝန်ကြီးဌာနသည် “ကျွမ်းကျင်သူ များမွေးထုတ်ခြင်း၊ လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုနှင့် ထုတ်လုပ်မှုဆောင်ရွက်နိုင်သော လူ့စွမ်းအားဖွံ့ဖြိုး ရေး” ဟူသော ရည်ရွယ်ချက်ကို အကောင်အထည် ဖော်ရာတွင် စက်မှုသင်တန်းကျောင်း (ITC) များ သည် ဗဟိုအချက်အချာကျသော ပလက်ဖောင်းများ အဖြစ် ရပ်တည်နေပါသည်။ ITC များ၏ အောင်မြင် မှုသည် ၎င်းတို့၏ ခိုင်မာပြတ်သားသော ပညာရေး ဒဿနအပေါ် အခြေခံထားပြီး ဤဒဿနသည် လက်တွေ့ဘဝနှင့် စက်မှုလောက၏ တိကျသော လိုအပ်ချက်များကို ထင်ဟပ်စေသည့် မဟာဗျူဟာ မြောက် ချဉ်းကပ်နည်းတစ်ရပ်ပင် ဖြစ်ပါသည်။

 

၁။ စွမ်းဆောင်ရည်အခြေပြု ပညာရေး (Compe-tency-Based Education - CBE)ITC သင် တန်းများ၏အုတ်မြစ်သည် “စွမ်းဆောင်ရည် အခြေပြုပညာရေး” အပေါ်တွင် တည်ဆောက် ထားပြီး သင်တန်းသားတစ်ဦး “သိမြင်သည့်အရာ (Knowledge)”ထက် ၎င်းတို့ “လုပ်ဆောင်နိုင် သည့်အရာ (What a learner can do)” ကို ပိုမို အလေးပေးထားပါသည်။ ရလဒ်အနေဖြင့် သင်တန်း အောင်မြင်မှုကို စာမေးပွဲအမှတ်များနှင့်သာ တိုင်းတာခြင်းမဟုတ်ဘဲ လက်တွေ့လုပ်ငန်းခွင်တွင် လိုအပ်သော ကျွမ်းကျင်မှုများကို စနစ်တကျ ကျွမ်းကျင်စွာလုပ်ကိုင်နိုင်ခြင်း ရှိ/မရှိ ဖြင့် အဓိက တိုင်းတာပါသည်။ ဤစနစ်သည် “အတတ်ပညာ ရှိသူ (Competent Worker)” များကိုသာ မွေးထုတ် ပေးရန် ရည်ရွယ်ခြင်း ဖြစ်ပါသည်။

 

၂။  နှစ်မျိုးလေ့ကျင့်သင်တန်းစနစ် (Dual Training Model - 30% Theory & 70% Practical)ITC များ၏ ထူးခြားသော သင်ကြားရေး နည်းဗျူဟာမှာ ဂျာမနီ၏ ကမ္ဘာကျော်နှစ်မျိုး လေ့ကျင့်သင်တန်းစနစ် (German Dual System) ကို မြန်မာ့အခြေအနေနှင့် လိုက်လျောညီထွေရှိစွာ အကောင်အထည်ဖော်ထားခြင်းပင် ဖြစ်ပါသည်။ ဤစနစ်သည် သင်ရိုးညွှန်းတမ်းကို သီအိုရီ ၃၀ ရာခိုင်နှုန်းနှင့် လက်တွေ့ ၇၀ ရာခိုင်နှုန်း ဟူ၍ မျှတအောင် စီမံဆောင်ရွက်ထားခြင်းဖြစ်ပါသည်။ ၃၀ ရာခိုင်နှုန်းသီအိုရီတွင် နည်းပညာဆိုင်ရာ အခြေခံမူများ၊ ပုံဆွဲပညာ၊ လုံခြုံရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာများပါဝင်ပြီး ၇၀ ရာခိုင်နှုန်း လက်တွေ့တွင် စက်ရုံများနှင့် အလုပ်သင်စက်ခန်းများအတွင်း စစ်မှန်သောကိရိယာများ၊ စက်ပစ္စည်းများဖြင့် လက်တွေ့လုပ်ဆောင်ခွင့် ရရှိပါသည်။ ဤသို့ မျှမျှ တတ ခွဲဝေထားသော သင်ကြားမှုသည် သင်တန်းသားများအား စာတွေ့သာမက လက်တွေ့ပါ လုပ်ကိုင်နိုင်စွမ်းရှိသည့် နည်းပညာရှင်များအဖြစ် ပြုစုပျိုးထောင်ပေးနိုင်ခြင်း၏ အရေးကြီးဆုံး အချက်ပင် ဖြစ်ပါသည်။

 

၃။  တစ်သက်တာသင်ယူမှုနှင့် လုပ်ငန်းခွင်အဆင် သင့်ဖြစ်မှု။  ITCများ၏ ရည်မှန်းချက်မှာ သင်တန်း ပြီးသည်နှင့် ချက်ချင်းအလုပ်ခွင်ဝင်နိုင်သော “လုပ်ငန်းခွင်သုံး ပညာတတ်များ (Employable Graduates)” ကို မွေးထုတ်ပေးရန် ဖြစ်ပါသည်။ ထို့ကြောင့် သင်ကြားမှုသည် ခေတ်အမီဆုံး နည်း ပညာများကို သင်ကြားပေးရုံသာမက တစ်သက် တာလုံး အမြဲအသုံးဝင်မည့် နည်းပညာ၊ အသိပညာ ၏ အနှစ်သာရများ (Lifelong Technical & Know-ledge Values) ကို သင်ကြားပေးပါသည်။ သင်တန်း ဆင်းပြီးသူများသည် လုပ်ငန်းခွင်တွင် Level-1 (အခြေခံ နည်းပညာရှင်) မှ Level-7 (စီမံခန့်ခွဲသူ/အင်ဂျင်နီယာ)အထိ မိမိ၏ စွမ်းဆောင်ရည်အလိုက် အဆင့်ဆင့် တိုးတက်သွားနိုင်သော လမ်းကြောင်းများ ရှိပါသည်။

 

၄။  ပညာရပ်နှင့်လူမှုရေးစွမ်းရည်ပေါင်းစပ်ခြင်း။ ITCများသည် နည်းပညာပိုင်းဆိုင်ရာ စွမ်းရည်များ ကိုသာ အလေးပေးသည်မဟုတ် ခေတ်မီစက်မှု လုပ်ငန်းတွင် အလွန်အရေးပါသော စွမ်းရည်များ ဖြစ်သည့် Soft Skills နှင့် လုပ်ငန်းခွင်ကျင့်ဝတ် (Work Ethics)များကိုပါ ပေါင်းစပ်သင်ကြားပေး ပါသည်။ ၎င်းတို့တွင် လုပ်ငန်းခွင်စည်းကမ်း (Pro-fessional Discipline)၊ အဖွဲ့လိုက်လုပ်ဆောင်တတ် မှု (Teamwork)၊ အချိန်စီမံခန့်ခွဲမှု (Time Mana-gement)၊ တာဝန်ယူမှုနှင့် ဘေးအန္တရာယ်ကင်းရှင်း ရေး အလေ့အထများ (Responsibility & Safety Culture)၊ စက်မှုလုပ်ငန်းဆိုင်ရာကျင့်ဝတ်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိစိတ်ဓာတ် (Industrial Ethics & Environmental Awareness)၊ အဆက်မပြတ် မိမိကိုယ်ကိုမြှင့်တင် သည့် စိတ်ဓာတ် (Continuous Improvement Mindset) တို့ ပါဝင်ပါသည်။

 

၅။  စက်မှုလုပ်ငန်းများနှင့် မိတ်ဖက်ပြုခြင်း။ ITC သင်တန်းများ၏ ထိရောက်မှုသည် စက်မှုလုပ်ငန်းများနှင့် တိုက်ရိုက်ချိတ်ဆက်ထားမှု (Industry Linkage)အပေါ် အဓိကမှီခိုနေပါသည်။ ဤ ချိတ်ဆက်မှုကို အလုပ်သင်စနစ် (Apprenticeship)၊ အလုပ်ခွင်အတွေ့အကြုံ (Internship) နှင့် အလုပ်တွင် လေ့ကျင့်သင်ကြားခြင်း (On-the-Job Training - OJT)တို့နှင့် စနစ်တကျ ချိတ်ဆက် ဆောင်ရွက်ခြင်း၊ သင်ရိုးညွှန်းတမ်း (Curriculum)များကို အမျိုးသားကျွမ်းကျင်မှုစံနှုန်းအဖွဲ့၏ စံနှုန်းများ (NSSA Standards) နှင့် စက်မှုဝန်ကြီးဌာန၏ လက်တွေ့လိုအပ်ချက်များ (MOI Industrial Demand) နှင့် အဆက်မပြတ် ညှိနှိုင်းပြင်ဆင်ခြင်း နည်းလမ်းများဖြင့် အကောင်အထည်ဖော်ထားပါ သည်။

 

၆။  ဆရာများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အရည် အသွေးအာမခံခြင်း။ အရည်အသွေးရှိသော သင်ကြားမှုကို ထိန်းသိမ်းရန်အတွက် ITCများသည် “ဆရာများ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်” (In-structor Development Program) ကို အဓိကထား ဆောင်ရွက်နေပါသည်။ ဤအစီအစဉ်များတွင် ဆရာများ၏ သင်ကြားပြသမှုပညာ (Pedagogy)၊ သင်ရိုးညွှန်းတမ်းဒီဇိုင်းရေးဆွဲမှု (Curriculum Design)၊ စက်မှုလိုအပ်ချက်အပေါ် အကဲဖြတ်နိုင် စွမ်း (Industrial Assessment Skill) စသည့် စွမ်းရည်များကို မြှင့်တင်ပေးပါသည်။ ထို့အပြင် အရည်အသွေး ထိန်းချုပ်ရေးနှင့် အာမခံမှုစနစ် (QA/QC System) ဖြင့် သင်ကြားမှု၏ အရည်အသွေး ကို အဆက်မပြတ်စောင့်ကြည့် တိုင်းတာပြီး မြှင့်တင်ပေးလျက်ရှိပါသည်။

အခွင့်အရေးများ မဆုံးရှုံးရလေအောင် ITC များအနေဖြင့် “အမြဲတမ်းလေ့လာမှုနှင့် တိုးတက် ပြင်ဆင်မှုများ အစဉ်တစိုက် ဆက်လက်လုပ်ဆောင်ခြင်းဖြင့် မြန်မာနိုင်ငံ၏ စက်မှုပြန်လည် ဖွံ့ဖြိုးရေးအတွက် ထူးချွန်တက်ကြွပြီး သစ္စာရှိသော နည်းပညာကျွမ်းကျင်သူများကို မွေးထုတ်နိုင်ရန် (To produce skilled, ethical, and innovative technicians who can contribute to Myanmar’s industrial renaissance through lifelong learning and continuous improvement.)” ဟူ၍ ရည်မှန်းချက်ထားကာ ဦးတည်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လူငယ်များ၊ အဆင့်မြင့်ပညာ ရေးနှင့် အကြောင်းအမျိုးမျိုးကြောင့် လွဲခဲ့ရသူများအတွက် အခွင့်အရေးများ မဆုံးရှုံးရလေအောင် ITC ၌ အခွင့်အလမ်းများ ထပ်မံရှိနေပါသေးကြောင်း အသိပေး တင်ပြအပ်ပါသည်။

No comments

Powered by Blogger.