ကရင်ပြည်နယ်လူငယ်စင်တာ၌ ရွေးကောက်ပွဲဆိုင်ရာသင်တန်းဖွင့်

 



ဘားအံ နိုဝင်ဘာ ၁၉

ရွေးကောက်ပွဲတွင် တာဝန်ယူဆောင်ရွက်ကြမည့် ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ၊ မဲရုံအဖွဲ့ဝင်များအနေဖြင့် ပြဋ္ဌာန်းထားသော ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကျေပွန်စွာ ထမ်းဆောင်နိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ဘားအံမြို့ ကရင်ပြည်နယ်လူငယ်စင်တာ၌ ကျင်းပသည်။

ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ယခုသင်တန်း၌ ပို့ချသင်ကြားပေးမည့် သင်ခန်းစာများကို စိတ်ပါဝင်စားစွာဖြင့် သင်ယူပြီး လာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးမည့် မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေ ချောမွေ့စွာ မဲပေးနိုင်ရေးနှင့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန် တိုက်တွန်း ပြောကြားသည်။

ထို့နောက် ဘားအံခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးကျော်ကျော်ထွန်းက သင်တန်းနှင့်ပတ်သက်သော အချက်အလက်များကို ရှင်းလင်းပြောကြားပြီး ဘားအံမြို့နယ်တွင် ရပ်ကွက်/ ကျေးရွာအုပ်စု ၈၈ အုပ်စု၌ မဲရုံပေါင်း ၂၁၈ ရုံဖြင့် ရွေးကောက်ပွဲ ကျင်းပသွားမည် ဖြစ်ရာ မဲရုံတစ်ရုံလျှင် မဲရုံမှူး၊ ဒုတိယမဲရုံမှူး နှစ်ဦးစီဖြင့် သင်တန်းသားပေါင်း ၄၃၆ ဦးကို နိုဝင်ဘာ ၁၉ ရက်မှ ၂၈ ရက် အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်သည်။

သင်တန်းဖွင့်ပွဲ အပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တက်ရောက်လာ ကြသူများကို ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်ကာ မြန်မာ အီလက်ထရောနစ် မဲပေးစက် (MEVM) များကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)

No comments

Powered by Blogger.