မိတ္ထီလာတက္ကသိုလ်၌ သုတေသနစကားဝိုင်းဆွေးနွေး

 


မိတ္ထီလာ အောက်တိုဘာ ၃၁

 

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာတက္ကသိုလ်၌ Humanities and Social Science & Natural Science သုတေသနစကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ ဝန်ဇင်းခန်းမတွင် ကျင်းပသည်။

 

အဆိုပါ သုတေသနစကားဝိုင်း ဆွေးနွေးပွဲတွင် ပါမောက္ခချုပ် ဒေါက်တာဘဟန်က အမှာစကား ပြောကြားသည်။ ထို့နောက် Humanities and Social Science ခေါင်းစဉ်ဖြင့် သုတေသနစကားဝိုင်းကို ကျင်းပရာ မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထဝီဝင်၊ သမိုင်း၊ ဒဿနိကဗေဒ၊ အရှေ့တိုင်းပညာ၊ ဥပဒေပညာ၊ စီးပွားရေးပညာဌာနများမှ ပါမောက္ခ(ဌာနမှူး)၊ ပါမောက္ခ၊ တွဲဖက်ပါမောက္ခ၊ ကထိက ဆရာ ဆရာမများက ပါဝင်ဆွေးနွေးကြသည်။

 

ဆက်လက်၍ ဒုတိယပါမောက္ခချုပ် ဒေါက်တာနေအောင်က သုတေသနစကားဝိုင်းနှင့်စပ်လျဉ်း၍ အကဲဖြတ်သုံးသပ်စကား ပြောကြားပြီး ပါဝင်ဆွေးနွေးခဲ့သည့် ဆရာ ဆရာမများနှင့် Moderator တို့အား ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်သည်။

 

အလားတူ မွန်းလွဲပိုင်းတွင် Natural Science ခေါင်းစဉ်ဖြင့် သုတေသနစကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပရာ ဓာတုဗေဒ၊ ရူပဗေဒ၊ သင်္ချာ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ ဘူမိဗေဒ၊ ပတ်ဝန်းကျင် လေ့လာမှု ပညာဌာနများမှ ပါမောက္ခ၊ တွဲဖက်ပါမောက္ခ၊ ကထိက ဆရာ ဆရာမများက ပါဝင်ဆွေးနွေးပြီး ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ ကျော်လင်းက သုတေသန စကားဝိုင်းနှင့်စပ်လျဉ်း၍ အကဲဖြတ် သုံးသပ်စကားပြောကြားခဲ့ကြောင်း သိရသည်။

 

ချမ်းသာ(မိတ္ထီလာ)

No comments

Powered by Blogger.