ဆေးတက္ကသိုလ် (၁) ရန်ကုန် (၆၁) ကြိမ်မြောက် ဘွဲ့နှင်းသဘင်ဂုဏ်ပြုညစာစားပွဲကျင်းပ

 



ရန်ကုန် နိုဝင်ဘာ ၃၀


ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဆေးတက္ကသိုလ် (၁) ရန်ကုန် (၆၁) ကြိမ်မြောက် ဘွဲ့နှင်းသဘင်ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၆ နာရီက ဆေးတက္ကသိုလ် (၁) ရန်ကုန်လမ်းမတော်မြက်ခင်းပြင်၌ ကျင်းပသည်။


အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ မြန်မာနိုင်ငံဆေးကောင်စီ၊ နာယက၊ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆရာဝန်အသင်းဥက္ကဋ္ဌ၊ အထူးဖိတ်ကြားထားသူများနှင့် ဆေးရုံအုပ်ကြီးများ၊ ပညာရေးအဖွဲ့ဝင် ပါမောက္ခ/ဌာနမှူးများနှင့် ဆရာ ဆရာမများ၊ တက္ကသိုလ်ဝန်ထမ်းများ၊ ဘွဲ့ရမောင်မယ်များ စုံစုံညီညီ ပါဝင်တက်ရောက်ကြသည်။


ဦးစွာ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက မိမိတို့နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေပြည်သူများ ဖြစ်သည့်အတွက် ကျေးလက်ဒေသက ပြည်သူ့ဆေးရုံများအထိ သွားရောက်၍ စေတနာ၊ မေတ္တာအပြည့်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးကြရန်လိုကြောင်း၊ လူနာများကို ကျန်းမာရေး စောင့်ရှောက်မှုပေးရာတွင် Knowledge နှင့် Skills အပြင် ခံယူချက် Attitude၊ တာဝန်သိစိတ်သည် အရေးကြီးသကဲ့သို့ ကိုယ်ချင်းစာနာစိတ် Empathy၊ သနားကြင်နာစိတ် Sympathy တို့အပြင် ဆရာဝန်များ လိုက်နာကျင့်သုံးရမည့် ကျင့်ဝတ် Medical Ethics ကို ခါးဝတ်ပုဆိုးလိုမြဲမြံစွာ လိုက်နာကျင့်သုံးရန်လည်း တိုက်တွန်းပြောကြားလိုကြောင်း ပြောကြားသည်။


ယင်းနောက် ဆေးတက္ကသိုလ် (၁) ရန်ကုန်ပါမောက္ခချုပ်နှင့် ဘွဲ့ရမောင်မယ်တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ဆေးတက္ကသိုလ် (၁) ရန်ကုန်ကျောင်းသား ကျောင်းသူများနှင့် ဘွဲ့ရမောင်မယ်များက အဆိုအကများဖြင့် ဧည့်ခံဖျော်ဖြေကြသည်။


ဆေးတက္ကသိုလ် (၁) အနေဖြင့် ဒီပလိုမာဘွဲ့ရရှိသူပေါင်း ၁၈၂၄ ဦး၊ ဆေးပညာမဟာသိပ္ပံဘွဲ့ရရှိသူ ပေါင်း ၄၂၉၃ ဦး၊ ပါရဂူဘွဲ့ရရှိသူ ပေါင်း ၇၉၄ ဦး၊ ဆေးပညာဘွဲ့ရရှိသူ ၂၀၂၄၂ ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီး လက်ရှိတွင်လည်း ဘွဲ့ကြိုသင်တန်းသား သင်တန်းသူ စုစုပေါင်း ၂၂၆၆ ဦးနှင့် ဘွဲ့လွန်ဒီပလိုမာ ကိုးဦး၊ ဆေးပညာမဟာသိပ္ပံဘွဲ့ ၃၆၁ ဦး၊ ပါရဂူဘွဲ့နှစ်ဦး၊ ဆေးလက်တွေ့ပါရဂူဘွဲ့ ၁၉၅ ဦး၊ ဘွဲ့လွန်သင်တန်းသား စုစုပေါင်း ၅၆၇ ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.