ရခိုင်ပြည်နယ်ဝန်ကြီးချုပ် စစ်တွေမြို့ မြို့ဝင်မုခ်ဦးတည်ဆောက်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနား တက်ရောက်

 


စစ်တွေ နိုဝင်ဘာ ၂၆

 

စစ်တွေမြို့ မြို့ဝင်မုခ်ဦးတည်ဆောက်ရန်အတွက် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ မြို့ဝင်မုခ်ဦး တည်ဆောက်ရေး ရှင်းလင်းဆောင်၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ဦးစွာ စစ်တွေမြို့ဓမ္မာရာမကျောင်းတိုက် ပဓာန နာယက ဆရာတော် ဘဒ္ဒန္တသုမင်္ဂလထံမှ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကာ စစ်တွေမြို့ ရွှေစေတီကျောင်းတိုက် ပဓာနနာယက ဆရာတော် ဒေါက်တာ ဘဒ္ဒန္တအရိယဝံသက မြို့ဝင်မုခ်ဦး တည်ဆောက်ခြင်းနှင့်ပတ်သက်၍ မိန့်ကြားချီးမြှင့်သည်။

 

ယင်းနောက် သံဃာတော်အရှင်သူမြတ်များက အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ပွား သရဇ္စျာယ် ချီးမြှင့်တော်မူကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက သံဃာတော်အရှင်သူမြတ်တို့ထံ ပန္နက်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး မြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်၊ စစ်တွေမြို့ အောင်မြေကုန်းကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တ စန္ဒာဝရထံမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေသည်။

 

ထို့နောက် သံဃာတော်များနှင့် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ မြို့မိ၊ မြို့ဖတို့က သတ်မှတ်နေရာများတွင် နေရာယူ၍ ပန္နက်တင်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ လုပ်ငန်းဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းများပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး စေတနာထား ဆောင်ရွက်သွားကြရန်မှာကြားပြီး မြို့ဝင်မုခ်ဦး တည်ဆောက်ရေးလုပ်ငန်းတွင် အသုံးပြုမည့် လုပ်ငန်းသုံးပစ္စည်းများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)

No comments

Powered by Blogger.