အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် အနာထပိဏ္ဍိက သံဃဝိဟာရ လေးထပ်ကျောင်းဆောင်သစ် ရေစက်ချလှူဒါန်းပွဲ အလှူတော်မင်္ဂလာအခမ်းအနား ကျင်းပ

 



ရန်ကုန်      နိုဝင်ဘာ      ၂၃

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်နယ်နိမိတ်အတွင်း၌  တည်ဆောက်ပြီးစီးခဲ့သည့်   အနာထပိဏ္ဍိကသံဃဝိဟာရ   လေးထပ် ကျောင်းဆောင်သစ်  ရေစက်ချလှူဒါန်းပွဲ  အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ဘာဝနာမဟာသဘာ တရားထိုင်ခန်းမ၌ ကျင်းပသည်။


အခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ အမှူးပြုသော သင်ကြား ဆရာတော်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ဇနီးများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ ကျောင်းဆောင်သစ် အလှူရှင်များ   တက်ရောက်ကြသည်။ 


အခမ်းအနားတွင် ပါမောက္ခချုပ်ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြကာ အနာထပိဏ္ဍိက သံဃဝိဟာရ   လေးထပ်ကျောင်းဆောင်သစ်ကြီးရှိ ကျောင်းဆောင်၊ အခန်းများ၏ ကမ္ပည်းမော်ကွန်း ဆိုင်းဘုတ်များကို ပါမောက္ခချုပ်ဆရာတော်ထံသို့ သဟတ္ထိကဒါနမြောက် အပ်နှံလှူဒါန်းကြသည်။


ထို့နောက် ပါမောက္ခချုပ်ဆရာတော်က အလှူရှင်များကိုယ်စား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ပင်မကျောင်းဆောင်သစ် ဦးဆောင်မတည်အလှူရှင်တို့အား တက္ကသိုလ်ပုံ ကျောက်စီပန်းချီကား ပေးအပ်ချီးမြှင့်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အလှူရှင်များကိုယ်စား အနာထပိဏ္ဍိကသံဃဝိဟာရ  လေးထပ်ကျောင်းဆောင်သစ် ကမ္ပည်းမော်ကွန်းပြား ဆိုင်းဘုတ်ကို အမြဲတမ်းအတွင်းဝန်ထံ    ပေးအပ်လှူဒါန်း၍ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရား နာကြားခဲ့ကြောင်း သိရသည်။


ယမန်နေ့   ညနေပိုင်းတွင်  ရန်ကုန်မြို့  သုဝဏ္ဏ ဘောလုံးကွင်း၌ မြန်မာလက်ရွေးစင် ယူ-၁၇ အမျိုးသား အသင်းနှင့်  အာဖဂန်နစ္စတန်လက်ရွေးစင်  ယူ-၁၇ အမျိုးသားအသင်းတို့၏ ၂၀၂၆ ယူ-၁၇ အာရှဖလား ခြေစစ်ပွဲစဉ်  ယှဉ်ပြိုင်နေမှုများကို  တိုင်းဒေသကြီး  ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဘောလုံးချစ်ပရိသတ်များ  ကြည့်ရှုအားပေးကြရာ ပွဲပြီးဆုံးချိန် မြန်မာလက်ရွေးစင် ယူ-၁၇ အမျိုးသား အသင်းက သုံးဂိုးနှင့် အာဖဂန်နစ္စတန်လက်ရွေးစင် ယူ-၁၇ အမျိုးသားအသင်းက   တစ်ဂိုးဖြင့် မြန်မာ လက်ရွေးစင်ယူ-၁၇ အမျိုးသားအသင်းက အနိုင်ရရှိခဲ့ သည်။


မြန်မာလက်ရွေးစင် ယူ-၁၇ အမျိုးသားအသင်းသည် ၂၀၂၆ ယူ-၁၇ အာရှဖလား ခြေစစ်ပွဲစဉ်အုပ်စု(G)တွင် အာဖဂန်နစ္စတန်၊ နီပေါ၊ အိုမန်နှင့် ဆီးရီးယား အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး နိုဝင်ဘာ ၂၄ ရက်တွင် နီပေါ၊ နိုဝင်ဘာ ၂၈ ရက်တွင် အိုမန်၊ နိုဝင်ဘာ ၃၀ ရက်တွင် ဆီးရီးယားအသင်းတို့နှင့် ယှဉ်ပြိုင်ကစား ရမည်ဖြစ်ကြောင်း သိရသည်။ 


ဇွဲထက်ကို(ပြန်/ဆက်)

No comments

Powered by Blogger.