ရန်ကုန်တိုင်းဒေသကြီးအတွင်း သား၊ ငါး၊ ရိက္ခာ ဖူလုံရေး တွံတေးမွေးမြူရေးဇုန်ရှိ မွေးမြူရေးလုပ်ငန်းများကြည့်ရှုစစ်ဆေး
နေပြည်တော် နိုဝင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီးအတွင်း သား၊ ငါး၊
ရိက္ခာဖူလုံရေးအတွက် တွံတေးမွေးမြူရေးဇုန်မှ ယခုထက် ပိုမိုတိုးတက်မွေးမြူ ဖြည့်ဆည်းထောက်ပံ့နိုင်ရေး
ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယနေ့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့ တွံတေးမွေးမြူရေးဇုန်၌
မွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။
ပြောကြား
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ပြည်တွင်းရှိ
အသေးစား၊ အငယ်စားနှင့် အလတ်စားမွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူများ ခိုင်မာသော ဈေးကွက်ဖော်ဆောင်နိုင်ကြစေရန်၊
ဈေးကွက်နှင့်ကိုက်ညီသော အရည်အသွေးပြည့်ထုတ်ကုန်များ ပိုမိုတိုးတက်ထုတ်လုပ်နိုင်စေရန်
ရည်ရွယ်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်
ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မွေးမြူရေး လုပ်ငန်းများကို ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်နှင့်အညီ
မွေးမြူထုတ်လုပ်မှု အားကောင်းလာစေရေးအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ မွေးမြူရေးတောင်သူများ၏
လိုအပ်ချက်များ ဖြည့်ဆည်း ကူညီပေးနိုင်ရေး တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဇုန်(၂)ရှိ မွေးမြူရေးခြံတွင်
ငါးပြေမအကောင်ရေ ကိုးသိန်းမွေးမြူထားရှိမှု၊ ရွှေဘဲမွေးမြူရေးခြံ၌ မွေးမြူထားသည့်
(ချယ်ရီဘယ်ရီ) အသားတိုးဘဲအကောင်ရေ တစ်သောင်းမွေးမြူထားရှိမှု၊ နွားမွေးမြူရေးခြံတွင်
မွေးမြူထားရှိသည့် နွားသိုး ၁၁ ကောင်နှင့် ဒေသနွား ၅၆ ကောင်၊ ငုံးခြံတွင် ငုံး ၃၀၀၀၀
မွေးမြူထားရှိမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ထို့နောက် တွံတေးမြို့နယ် ဝက်ချောင်းကျေးရွာအုပ်စု
ရေဝက်ချောင်းကျေးရွာရှိ ဦးစိုးမြင့်၏ ပုစွန်မွေးကန် ဆောင်ရွက်ထားရှိမှုနှင့် ဦးစိုးမြင့်၏
ပုစွန်သားဖောက်ထုတ်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးရာ ဦးစိုးမြင့်က ငါးကန်ဧရိယာဧက ၂၀၊
ကန်လုံးရေ ၁၀ လုံးဖြင့် ပုစွန်ယိုးဒယားမျိုးအား ဖွဲနု၊ ငါးခြောက်၊ ပဲဖတ်၊ နှမ်းဖတ်၊
ပဲမှုန့်၊ ပြောင်းကလော၊ Binder (ကော်)၊ Sodium၊ ငါးဆီတို့ဖြင့် ကိုယ်ပိုင်အစာအဖြစ်
ထုတ်လုပ်ကျွေးမွေးနေမှု၊ ပုစွန်သားဖောက်ထုတ်လုပ်ဖြန့်ဖြူးပေးနေမှုများကို ရှင်းလင်းတင်ပြပြီး
ပုစွန်သားပေါက်နှင့် ပုစွန်မွေးမြူထားရှိမှုကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဒေသခံမွေးမြူရေးတောင်သူများနှင့်တွေ့ဆုံ၍
အကြောင်းအမျိုးမျိုးကြောင့် လျော့နည်းလာသော ငါးသယံဇာတများ ပြန်လည်ဖြည့်တင်းပေးနိုင်ရန်နှင့်
အာဟာရပြည့်ဝသော ငါးအသားရိက္ခာကို ပြည်သူများ ဖူလုံစွာစားသုံးနိုင်ကြစေရန်အတွက် ဖမ်းယူရောင်းချခြင်းထက်
မွေးမြူထုတ်လုပ်ရေးကို အလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊ ရေရှည်တည်တံ့သော ထုတ်လုပ်မှုဖြစ်စေရေးအတွက်
မွေးမြူထုတ်လုပ်မှုတိုးချဲ့ရေး၊ ရေရှည်အတွက် GAqP အပါအဝင် ခေတ်မီနည်းပညာအသုံးပြု ငါး၊
ပုစွန် မွေးမြူထုတ်လုပ်မှု လုပ်ငန်းများဖွံ့ဖြိုးလာရန်လိုအပ်ကြောင်း၊ ရေရှည် အကျိုးစီးပွားအတွက်
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများကို ရေလုပ်ငန်းကဏ္ဍတွင် ပါဝင်ပတ်သက်သူအားလုံးတို့က
စနစ်တကျ လိုက်နာဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments