နိုင်ငံ၊ လူမျိုး၊ စာပေနှင့် ယဉ်ကျေးမှုကို တန်ဖိုးထားလေးစားမြှင့်တင်ဆောင်ရွက် (ကြေးမုံ)
မြန်မာနိုင်ငံတွင် နှစ်စဉ်နှစ်တိုင်း
နတ်တော်လဆန်း (၁) ရက်နေ့ကို စာဆိုတော်နေ့အဖြစ်သတ်မှတ်ပြီး အသိဉာဏ်ပညာနှင့် ဗဟုသုတအဖြာဖြာ
တိုးပွားရာတိုးပွားကြောင်းပေးစွမ်းသည့် စာအုပ်စာပေများကို ပြုစုရေးသားအားထုတ်ကြသော
စာဆိုတော်ကြီးများကို ဂုဏ်ပြုချီးမြှင့်လျက်ရှိသည်။ ယခုနှစ်တွင် ၂၀၂၄ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊
အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင်အခမ်းအနားကို နေပြည်တော်၌ကျင်းပပြုလုပ်ခဲ့ရာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့ တက်ရောက်၍ စာပေဆုများ
ပေးအပ်ချီးမြှင့်ခဲ့သည်။
နိုင်ငံတော်နှင့် အများပြည်သူတို့၏
ကောင်းကျိုးအဖြာဖြာကို ကလောင်စွမ်းအားဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် စာပေပညာရှင်ကြီးများ၊
စာဆိုတော်ကြီးများ၏ ဂုဏ်ကျေးဇူးကို အလေးအမြတ်ပြုလျက် စာဆိုတော်နေ့အခမ်းအနားကို ယဉ်ကျေးမှု
အစဉ်အလာတစ်ခုအဖြစ် ၁၉၄၄ ခုနှစ်မှ စတင်ကျင်းပခဲ့ရာ ယခုအခါ နှစ်ပေါင်း ၈၀ ကျော်အထိ ဆောင်ရွက်နိုင်ခဲ့သည်။
မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းအားထုတ်ခဲ့ကြသည့်
စာဆိုတော်ကြီးများအား လေးစားဂုဏ်ပြု အသိအမှတ်ပြုသောအားဖြင့် ၁၉၄၈ ခုနှစ်မှစတင်ပြီး
“စာပေဗိမာန် ကာလပေါ်ဝတ္ထုဆု” ကို ချီးမြှင့်ပေးအပ်ခဲ့ပြီး
ခေတ်အဆက်ဆက်ဘာသာရပ်အလိုက် ဆုများတိုး၍ချီးမြှင့်ပေးအပ်ခဲ့ရာ ယခုအခါ အမျိုးသားစာပေဆုတွင်
ဘာသာရပ် ၁၉ မျိုးအထိ ရွေးချယ်၍ ပေးအပ်ချီးမြှင့်ခဲ့သည်။
စာပေသည် လူသားများအတွက် အသိပညာနှင့်
လိမ္မာယဉ်ကျေးမှုကို ပေးသည်။ စာပေကပေးသည့် အသိပညာနှင့် အလိမ္မာကိုအခြေခံပြီး လူ့ပတ်ဝန်းကျင်
အဆောက်အအုံကြီး ကြီးထွားစည်ပင်လာခြင်း ဖြစ်သည်။ တစ်နည်းဆိုရလျှင် စာပေမှရသည့် အသိပညာ၊
အတတ်ပညာ၊ တွေးခေါ်မြော်မြင်မှုများဖြင့် ပိုမိုကောင်းမွန်သော လူ့အသိုက်အမြုံကြီးကို
တည်ဆောက်နိုင်ခြင်းဖြစ်သည်။ ထို့ကြောင့် တိုးတက်သည့် နိုင်ငံတိုင်းသည် နည်းပညာများ
မည်သို့ပင်တိုးတက်နေပါစေ အကျိုးကျေးဇူးကြီးမားသော စာအုပ်စာပေကို တန်ဖိုးထားနေဆဲဖြစ်သည်ကို
တွေ့ရသည်။ စာအုပ်စာပေများ ဖွံ့ဖြိုးတိုးတက်လျက်ရှိပြီး စာပေပညာရှင်များကိုလည်း ထိုက်တန်စွာ
ဂုဏ်ပြုချီးမြှောက်လျက်ရှိသည်ကို တွေ့မြင်နိုင်သည်။
စာပေသည် လွတ်လပ်ရေးကြိုးပမ်းမှုကာလတွင်
မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေခဲ့သည်။ လွတ်လပ်ရေးရပြီးကာလတွင် နိုင်ငံတော်ကို ပြန်လည်ထူထောင်ရာတွင်လည်းကောင်း၊
ပြန်လည် တည်ဆောက်ရာတွင်လည်းကောင်း အသိအမြင်ဗဟုသုတများ တိုးပွားရာစာပေများ ခေတ်နှင့်အညီ
ပေါ်ထွက်လာခဲ့သည်။ အလုပ်သမား၊ လယ်သမား၊ ပြည်သူလူထုအကျိုးပြုစာပေများ၊ တိုင်းရင်းသားစည်းလုံး
ညီညွတ်ရေးကိုအားပေးသည့်စာပေများ ပေါ်ထွန်းလာခဲ့သည်။ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အနေဖြင့်
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေးကို ကြိုးပမ်းဆောင်ရွက်ရာတွင် “နိုင်ငံတော်ဖွံ့ဖြိုးဖို့
ပညာရေးကို အားပေးစို့” ဟူသည့် ဆောင်ပုဒ်ကို ချမှတ်ထားသည်။ အဆိုပါဆောင်ပုဒ်နှင့်အညီ
အသိပညာ၊ အတတ်ပညာ၊ အတန်းပညာမြင့်မားရေး အားလုံးအကျုံးဝင်သည့်ပညာရေးကို အားပေးမြှင့်တင်လျက်ရှိသည်။
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံနှင့်
ပြည်သူများ၏ ကောင်းကျိုးကိုရှေးရှုသည့် ခေတ်မီအသိပညာ၊ အတတ်ပညာများကို ဖြန့်ဖြူးပေးသည့်
သုတစာပေများ၊ မိမိနိုင်ငံ၊ မိမိလူမျိုး၊ မိမိယဉ်ကျေးမှု အစဉ်အလာများကို လေးစားမြတ်နိုးတန်ဖိုးထားစိတ်များ
ထက်သန်လာအောင် ရေးသားပြုစု အားထုတ်ကြသည့် စာပေပညာရှင်များကို နှစ်စဉ်ဂုဏ်ပြုချီးမြှင့်ပေးလျက်ရှိသည်။
နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို အလေးထားပြီး စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို
အကောင်အထည်ဖော်ရာတွင် ပြည်ထောင်စုကြီး အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်စေရေး၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး၊
ပြည်သူများ၏ လူမှုစီးပွားဘဝစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး တို့နှင့်အတူ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ
အောင်မြင်ရေးအတွက် ပြည်သူများ မှန်ကန်သောအသိအမြင်များတိုးပွားလာအောင် စာပေဖြင့် မျှဝေပေးကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ မျက်မှောက်ကာလတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်ရေးအတွက် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုသည်
အလွန်အရေးကြီးနေသည့် အချိန်အခါဖြစ်သည်။ တစ်ဖက်တွင် ပြည်သူလူထု စည်းလုံးညီညွတ်မှုပျက်ပြားအောင်၊
တိုင်းပြည်ယိုယွင်းပျက်ပြားအောင် ပြည်တွင်း၊ ပြည်ပမှ အဖျက်အမှောင့်မျိုးစုံတို့ဖြင့်
ထိုးနှက်တိုက်ခိုက်နေချိန်တွင် ပြည်သူများအားလုံး အမှားအမှန် အကောင်းအဆိုး ခွဲခြားတတ်အောင်၊
ဒီမိုကရေစီ အလေ့အထကောင်းများ ထွန်းကားလာအောင်၊ အသိဉာဏ်ပညာများ ပြည့်ဝလာအောင် ခေတ်မီဗဟုသုတများ
တိုးတက်လာအောင် “စာပေ” ဖြင့် ထိန်းကျောင်းတည့်မတ်ပေးနိုင်ရန် စာပေကိုတန်ဖိုးထားအားပေးမြှင့်တင်ရမည်ဖြစ်ပါကြောင်း။
။

No comments