တရားစွဲနှင့် အမှုလိုက်လုပ်ငန်းဆိုင်ရာကျွမ်းကျင်မှုတိုးတက်ရေးဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ
နေပြည်တော် နိုဝင်ဘာ ၂၁
တရားစွဲနှင့် အမှုလိုက်လုပ်ငန်းဆိုင်ရာ
ကျွမ်းကျင်မှုတိုးတက်ရေး ဆွေးနွေးပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန
မြေညီထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်
ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဥပဒေရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊
ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဆွေးနွေးပွဲတက်ရောက်သည့် ဒုတိယတိုင်းဒေသကြီး
ဥပဒေအရာရှိများ၊ ခရိုင်ဥပဒေအရာရှိများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်
ဒေါက်တာသီတာဦးက ဥပဒေရေးရာဝန်ကြီးဌာနအနေဖြင့် ဥပဒေအသိပညာပြန့်ပွားရေးလုပ်ငန်းများအား
တစိုက်မတ်မတ်ဖြင့် အားသွန်ခွန်စိုက်ဆောင်ရွက်လျက်ရှိရာ ရလဒ်ကောင်းများ ရရှိလျက်ရှိကြောင်း၊
လူတိုင်းလူတိုင်း ဥပဒေအသိပညာ ပြန့်ပွားရေးအားသွန်ခွန်စိုက်ဆောင်ရွက်လျက်ရှိစဉ်မှာပင်
ဥပဒေအရာရှိများ၏ အဓိကလုပ်ငန်းဖြစ်သည့် တရားစွဲနှင့် အမှုလိုက်လုပ်ငန်းများတွင် စွမ်းဆောင်ရည်တိုးတက်ရန်၊
မှန်ကန်ရန်၊ အချင်းချင်းအပြန်အလှန်ဆွေးနွေးတိုင်ပင် နှီးနှောရန်အတွက် အားသစ်လောင်းရန်
လိုအပ်လျက်ရှိသဖြင့် ယခုဆွေးနွေးပွဲကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ တရားစွဲနှင့်အမှုလိုက်
လုပ်ငန်းများဖြစ်သည့် ဥပဒေအကြံပေးခြင်း၊ တရားစွဲနှင့် အမှုလိုက်လုပ်ငန်းများအား တရားရုံးများတွင်
လိုက်ပါဆောင်ရွက်ခြင်း၊ အမှုပြီးပြတ်ချက်များနှင့် ပြင်ဆင်မှု၊ အယူခံမှုများ ဆောင်ရွက်ရာတွင်
ခရိုင်ဥပဒေအရာရှိများအနေဖြင့် အဓိကကိုင်တွယ်ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း၊ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲများတွင်
ဥပဒေချုပ်များ၊ တိုင်းဒေသကြီး ဥပဒေအရာရှိများ၊ ခရိုင်ဥပဒေအရာရှိများကို လိုအပ်ချက်များ
ညွှန်ကြားဆောင်ရွက်ခဲ့သော်လည်း တိုက်ရိုက်ထိတွေ့ဆောင်ရွက်ရန် လိုအပ်သည့်အတွက် ယခုဆွေးနွေးပွဲအား
ဆောင်ရွက်ခြင်းဖြစ်ပြီး ဆွေးနွေးပွဲများကို ပုံမှန်ဆက်တိုက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း။
အဓိကအနေဖြင့် ဥပဒေရေးရာဝန်ကြီးဌာနက
ကိုင်တွယ်ကျင့်သုံးလျက်ရှိသည့် ပြည်ထောင်စုရှေ့နေချုပ်ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များအားအမှုကို
စတင်ကိုင်တွယ်ဆောင်ရွက်ရသည့် မြို့နယ်ဥပဒေအရာရှိ၊ ဒုတိယမြို့နယ်ဥပဒေအရာရှိများအနေဖြင့်
သိရှိကျွမ်းကျင်နှံ့စပ်ရန် လိုအပ်သကဲ့သို့ ၎င်းတို့အား ကြီးကြပ်ဆောင်ရွက်နေရသည့် ခရိုင်ဥပဒေအရာရှိများ၊
ဒုတိယခရိုင်ဥပဒေအရာရှိများအနေဖြင့်လည်း ကျွမ်းကျင်နှံ့စပ်ရန် လိုအပ်ကြောင်း၊ ဥပဒေအရာရှိများအနေဖြင့်
ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများတွင် မှားယွင်းမှုများတွေ့ရှိရသည့်အတွက် ယခုဆွေးနွေးပွဲတွင်
ဆွေးနွေးပြီး တစ်ပြေးညီ မူဝါဒများချမှတ်၍ လိုက်နာကျင့်သုံးရန်နှင့် မိမိလက်အောက်အဆင့်ဆင့်သို့
ပြန်လည်မျှဝေရန်ဖြစ်ကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ်နည်းဥပဒေများကို ပြင်ဆင်ရန်ရှိသဖြင့်
ယခုဆွေးနွေးပွဲ၌ ပြင်ဆင်သင့်သည့် အချက်များအား ဆွေးနွေးကြစေလိုကြောင်း၊ ရွေးကောက်ပွဲနီးပြီဖြစ်သဖြင့်
တိုင်းဒေသကြီး ဥပဒေအရာရှိ၊ ခရိုင်ဥပဒေအရာရှိများအနေဖြင့် သက်ဆိုင်ရာတာဝန်များကို အထူးအလေးထား
ဆောင်ရွက်ရန် လိုအပ်ကြောင်းပြောကြားသည်။
ဆွေးနွေးပွဲသို့ ဥပဒေအရာရှိ ၄၀ တက်ရောက်ကြပြီး
ဆွေးနွေးပွဲကာလမှာ နိုဝင်ဘာ ၂၁ ရက်မှ ၂၂ ရက်အထိ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း
သိရသည်။
သတင်းစဉ်

No comments