လူသားဂုဏ်ရည် (မြန်မာ့အလင်း)
ဦးသူတော်
စာဖတ်သူနဲ့
စာရေးသူတို့ ယနေ့စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာတစ်ခုအကြောင်း ဆွေးနွေးကြရင်
အကျိုးရှိမယ်ထင်တယ်။ စာဖတ်သူ သိပြီးသားတွေလည်း ပါမှာပေါ့။ မသိသေးတဲ့အချက်တွေလည်း
ပါကောင်းပါနိုင်ပေတာပေါ့။ ပိုပြီး တိတိကျကျ၊ ကျယ်ကျယ်ပြန့်ပြန့် သိလာရရင်
ကောင်းကျိုးရစေမယ့် ဗဟုသုတတွေပါ။
ပြောပြချင်တဲ့
အဓိကအကြောင်းအရာကတော့ “လူသားဂုဏ်ရည်”ပါ။ ကျွန်တော်တို့ ၊ ခင်ဗျားတို့ အားလုံးက
လူသားဂုဏ်တူစုထဲမှာ ပါနေကြတာမို့ လူသားအကြောင်း သိစရာတွေ အများကြီးရှိနေတဲ့ အထဲမှာ
ယခုစာရေးသူတင်ပြမယ့် ချဉ်းကပ်ပုံနဲ့ မြင်ရတဲ့အမြင်ကို ဖော်ပြချင်ပါတယ်။
လူသားဆိုလို့
ပခုံးနှစ်ဖက်ကြားက ခေါင်းပေါက်တဲ့ လူကြီးလူငယ်၊ ကလေးသူငယ်မှစလို့ ယောကျ်ား၊ မိန်းမတွေစိတ်ထဲမှာ
ပေါ်လာရင် ခဏထားလိုက်ဦးလို့ ပြောပါရစေ။ နတ်မျက်စိနဲ့ ကြည့်သလို၊ အဆ
အထောင်အသောင်းနဲ့ချဲ့ပြီး မြင်ရတဲ့မှန်ဘီလူးမှန်ပြောင်းကြီးနဲ့
ကောင်းကင်ရှိကြယ်တွေ၊ လတွေ ကိပါ အနီးကပ်၊ အသေးစိတ်မြင်ရသလို အမြင်ကျယ်ကျယ် မြင်ကွင်းကျယ်
ကြည့်စေလိုတယ်။ အဲဒါကတော့ သုံးဆယ့်တစ်ဘုံဆိုတဲ့ ဘူမိအမြင်။
လူသားဘဝကို
အကြောင်းတိုက်ဆိုင်လို့ရောက်လာကြတဲ့ စာရေးသူနဲ့ စာဖတ်သူတို့ဟာ ထူးခြားဆန်းကြယ်စွာပဲ
ဒီအချိန်၊ ဒီနေရာမှာ ကျွန်တော်တင်ပြရေးသားတာကို ခင်ဗျားက ဖတ်ရှုလေ့လာနေတယ်။ တွေ့ဆုံနေကြတယ်။
ကျွန်တော်တို့နှစ်ဦးစလုံးဟာ အသိဉာဏ်ရှိတယ်။ မြန်မာစာ၊ မြန်မာ စကားတတ်ကြတယ်။
ရေးသူကရေးတယ်။ ဖတ်သူက ဖတ်တယ်။ အချိန်ကာလအားဖြင့် ရက်၊ လ၊ နှစ် ကွာချင်လည်း ကွာမယ်၊
မကွာချင်လည်း မကွာဘူး။ ကျွန်တော်တင်ပြတာကို စာဖတ်သူ ဖတ်ခွင့်မြင်ခွင့် ရနေတယ်။
စာဖတ်သူမှာ
မြင်နိုင်စွမ်း၊ ကြားနိုင်စွမ်း တွေးတောဆင်ခြင်နိုင်စွမ်းစတဲ့ လူသားအရည်အသွေးတွေ ပြည့်စုံပြီးသား
ရှိနေလို့ဗျာ။ လူဖြစ်လာခဲ့တာ ကံကောင်းတယ်။ အသိဉာဏ်ရှိခဲ့တာ ပိုကံကောင်းတယ်။
စာရေးသူလို လူ့ဘဝကို ပိုပြီး တန်ဖိုးမြင့်အောင် အမြင်ရရှိစေပြီး လူသားဂုဏ်ရည်
တိုးတက်စေချင်တဲ့လူနဲ့ တိုက်တိုက်ဆိုင်ဆိုင် တွေ့ဆုံရတာတော့ စာဖတ်သူရဲ့ဘဝမှာ
ကံအကောင်းဆုံး အကြောင်းတွေများစွာထဲမှာ တစ်ခုအပါအဝင် ဖြစ်လိမ့်မယ်ဗျာ။
အောင်မယ်လေး။
ကျွန်တော်က/ ကျွန်မက အဘိဓမ္မာသင်တန်း(ရိုးရိုး)ကော၊ အဆင့်မြင့် ဘာသာရေးသင်တန်းတွေ၊
တရားစခန်းတွေ တက်ခဲ့ဖူးပြီးသားပါ။ ဒါတွေ အကုန်သိခဲ့ပြီးသားပါဆိုရင် တော့
ကံအကောင်းဆုံးတွေ စုပြုံနေခဲ့ပြီလို့ ပြောရ ပေမှာပေါ့။
လူ့ဘဝဟာ
အမြင့်ဆုံးဘုံတော့ မဟုတ်ပါဘူး။
လောကီစည်းစိမ်ပေတံနဲ့
တိုင်းတာရင် သူ့ထက်စည်းစိမ်အရာပိုမိုသာယာ ကောင်းမွန်တဲ့ နတ်ဘုံ၊
နတ်ပြည်ခြောက်ထပ်ရှိပါသေးတယ်။ အဲဒါထက် ပိုပြီး အထက်တန်းကျတဲ့ ဗြဟ္မာ့ဘုံ ၂၀ လည်း
ရှိပါ သေးတယ်။ အဘိဓမ္မာသင်တန်းများ တက်ဖူးပြီးသား ပုဂ္ဂိုလ်များတော့
သိကြပြီးသားမို့ အသေးစိတ်မတင် ပြတော့ပါ။ ဒီဆောင်းပါးကတော့ အကျဉ်းမျှသာဖော်ပြပြီး လိုရင်းတိုရှင်း
လူသားဂုဏ်ရည်သာ ဦးစားပေးဆွေးနွေးမှာကိုး။ လူသားဘဝဖြစ်တည်မှုရဲ့ ထူးခြားချက်ကတော့ ဗြဟ္မာ့ဘုံ၊
နတ်ဘုံမှာ သုံးလောက ထွတ်ထားဘုရားမပွင့်ဘဲ သုခ၊ ဒုက္ခ နှစ်ရပ်စလုံးရှိတဲ့ လူ့ဘဝ၊
လူ့ဘုံမှာသာပွင့်တဲ့ ဂုဏ်ပါပဲ။ ဒါကြောင့် မနုဿတ္တဘာဝေါ၊ ဒုလ္လဘော၊ လူ့ဘဝဟာ
ရခဲလှတယ်။ တန်ဖိုးရှိတယ် ဆိုနိုင်ပေတာပေါ့။
လူ့ဘုံထက်ကြောက်စရာ
ကောင်းလောက်အောင် ဆင်းရဲဒုက္ခပူလောင်ခါးသီးမှုတွေ ခံစားနေကြရတဲ့
ဘုံတွေရှိကြပေသေးတယ်။ သိတဲ့အတိုင်း (ငရဲ၊ တိရစ္ဆာန်၊ အသူရကယ်၊ ပြိတ္တာ)ဆိုတဲ့
ဘဝမျိုး တွေပဲ။ ငရဲဆိုရာမှာတောင် ထပ်မံခွဲခြားရင် အမျိုးအစားအားဖြင့် ငရဲကြီးရှစ်ထပ်
ရှိသေးသတဲ့။ အသေးစိတ်မပြောတော့ပါ။ အမည်နာမတွေလည်း ဘာငရဲ၊ ညာငရဲ မမှတ်မိလို့ပါ။
ဆိုးတယ်၊ ဆိုးတယ်။ ကြောက်စရာလန့်စရာကောင်းအောင် ဆိုးရွားတဲ့ ဘဝမျိုးတွေပါ။ သက်တမ်းလည်း
အကြာကြီးနေ ရတယ်။
လူတွေထောင်ကျရင်
ခြောက်လ၊ တစ်နှစ် စသဖြင့် အလွန်ဆုံး အနှစ် ၂၀ ဆိုတာလောက်ပါ။
ငရဲခံရတဲ့သက်တမ်းကာလကတော့ ချိုးကပ်အောင် မီးမြိုက်ခံရတာ၊ နှစ်ပေါင်း
ထောင်သောင်းတောင် ကြာသတဲ့။ ဒါကိုသိထားရင် သတိပြုနိုင်တာပေါ့။
လူသားတစ်ယောက်ရဲ့ဘဝဟာ
အချိန်အပိုင်းအခြားရှိတယ်။ တိုတိုပြောကြစို့၊ ဘာမှမသိ နားမလည်သေးတဲ့ ကလေးဘဝ၊
လူငယ်ဘဝ၊ မိဘရဲ့ ပြုစုကျွေးမွေးမှုနဲ့ ရှင်သန်ရတယ်။ လူငယ်ဘဝ၊ ပညာရှာရ၊ ဥစ္စာရှာရ၊
ကြင်ဖော်ရှာရ၊ သားတွေသမီးတွေမွေးရ၊ ကျွေးရ။ နောက်တော့ လူအိုလူမင်းဘဝ၊
အိုမင်းမစွမ်းအပိုင်း အခြားမှာတော့ ဗျာဓိ ခေါ် နာခြင်း တရားတွေက အမျိုးမျိုးဖိစီးနှိပ်စက်ခံပေရော့။
ပြီးတော့ နောက်ဆုံးဆိုက်တဲ့ဘူတာက သေလွန်ခြင်း။ ဘဝတစ်ပါးသို့ ပြောင်းရခြင်း။
ဘဝတစ်ခုနိဂုံး ချုပ်သွားပြီ။ လူဖြစ်လာချိန်မှစပြီး အရွယ်က ရင့်ရော် အိုမင်းခြင်း၊
ဇရာ။ နာခြင်းဗျာဓိနဲ့ သေခြင်းမရဏဆိုတဲ့ အချက်သုံးခုက ဘယ်လူမဆိုတွေ့ကြုံရမယ့် နိယာမ
ဆင်းရဲခြင်းတရားပါပဲ။ ရှောင်လွှဲလို့မရ။ လူ့ဘုံမှာမှ ရှိတာတော့မဟုတ်ဘူး။ ၃၁
ဘုံလုံး အကုန်လုံးဟာ ဖြစ်ခြင်း၊ မမြဲခြင်း၊
ပျက်ခြင်းဆိုတဲ့ အနိစ္စ သဘောမှာ အကျုံးဝင်ကြတယ်။
အရာရာဟာ
မမြဲခြင်း၊ ဆင်းရဲခြင်း၊ မိမိမပိုင်ခြင်း၊ မိမိပိုင်မဟုတ်ခြင်း၊ တကယ်တော့ ငါ၊
မိမိဆိုတာ ဟာလည်း တကယ်မရှိဘဲ ထင်မှတ်ခြင်းသာပဲ။ ရုပ်ခန္ဓာ၊ ခံစားမှု၊ မှတ်သားမှု၊
ပြုပြင်မှု၊ သိမှုဆိုတဲ့ ဖွဲ့စည်းမှုအစုတွေရဲ့ အကြောင်းတိုက်ဆိုင်စွာနဲ့
ဖြစ်ခြင်း၊ ရွေ့လျောရင့်ရော်ခြင်း၊ ပျက်စီးပြိုကွဲချုပ် ငြိမ်းခြင်း(အနိစ္စ၊
ဒုက္ခ၊ အနတ္တ) လက္ခဏာရေး သုံးပါးသာ အကြောင်းအကျိုး ကွင်းဆက်သဘောဖြစ်နေ ခြင်းပါပဲ။
လူ့ဘဝက
ဒုက္ခဘုံ ဆင်းရဲခြင်းသက်သက်လား။
ဒီလိုလည်း
အဆိုးမြင်သဘောထားမရှိရပါ။
လွတ်မြောက်ရာလမ်းလည်း
ရှိပြီးသားပါ။
ဘယ်လိုသွားမှ
လွတ်မြောက်ငြိမ်းချမ်းမှာလဲ။
ယခု
ဒီဆောင်းပါးလေးဖတ်ရုံနဲ့တော့ မရပါ။
ဒါပေမယ့်
အမှန်တရား သမုတိသစ္စာသတ်မှတ်ချက်ထက် ကျော်လွန်တဲ့ ပရမတ္ထ သစ္စာ၊ အစစ်အမှန်
တရားလေးပါးကို ထိုးထွင်းသိမြင် သဘောပေါက်လာရင်တော့ ဆင်းရဲခြင်းကင်းရာ
နိဗ္ဗာန်ဆိုတဲ့အရာကို မသေလွန်ခင်လည်း ရနိုင်ရောက်နိုင်တာပါပဲ။
ဗုဒ္ဓဘာသာဆိုတာ
အဆိုးမြင်ဝါဒ မဟုတ်သလို အကောင်းမြင်ဝါဒလည်း မဟုတ်ပါ။ အကြွင်းမဲ့အမှန် တရားသိအောင်
ဉာဏ်အမြင်ဆိုက်ရောက်ရှိသွားခွင့် လူတိုင်းမှာရှိတယ်။ အနုအရင့်၊ အချိန်ကာလ အနှေး
အမြန်တော့ လူချင်းတူပေမယ့် အတိတ်ကံ၊ ပစ္စုပ္ပန် ကံနဲ့ ဉာဏ်ရယ်၊ ဝီရိယရယ်၊
ဆရာသမားကောင်း၊ ဆရာတော်ဘုရားများရဲ့ ကြပ်မတ်ပြညွှန်မှုရယ်၊ ပေါင်းဆုံလိုက်ရင် ရည်မှန်းချက်
ပေါက်ရောက် နိုင်ပါတယ်။
အတိတ်ဆိုတာ
ကောင်းသည်ဖြစ်စေ၊ ဆိုးသည် ဖြစ်စေ အမှန်စင်စစ်တော့ ကုန်လွန်ပြီးမြောက်ခဲ့ ပြီးပြီ။
တကယ်မရှိတော့ဘူး။ ပျောက်ပျက်သွားပြီးပြီ။
အတိတ်ကို
တမ်းတလွမ်းဆွတ်မနေနဲ့။
အနာဂတ်ဆိုတာကတော့
ကောင်းတာတွေ ဖြစ်လာမှာလား၊ ဆိုးတာတွေ တွေ့ရမှာလား၊ ရှေ့ခရီးဟာ အတက်လား၊ အဆင်းလား၊
ဆင်းရဲမှာလား၊ ချမ်းသာမှာလား အတွေးတွေများမနေနဲ့။ အင်္ဂလိပ်လိုတော့ Over Thinking အတွေးလွန်ခြင်း အလွဲတွေနဲ့ အချိန်မကုန်စေနဲ့။ အကျိုးဘာမှ မရနိုင်ပါဘူး။
စနစ်တကျနဲ့
အကြောင်းအကျိုးယုတ္တိရှိရှိ စဉ်းစားတွေးခေါ်တတ်အောင် လေ့ကျင့်ရပေမယ်။
ပစ္စုပ္ပန်ပကတိလက်ရှိအခြေအနေကို အမှန်အတိုင်း ရှုမြင်နိုင်အောင် ကြည့်ရမယ်။
ဘဝင်မြင့်စရာမဟုတ်။
မာနမထောင်လေနဲ့။
စိတ်ဓာတ်ကျစရာမဟုတ်။
ဘယ်ဟာမှမမြဲလို့ ချမ်းသာက မမြဲသလို ဆင်းရဲရင်လည်း အမြဲမဟုတ်။
သူသူငါငါ
လူတွေဟာ လူ့ဘဝကို ခဏတာ အလည်လာကြတာလို့မြင်ပါ။ သူတစ်ပါးဟာ ငါလိုပဲ
ဆင်းရဲကင်းဝေးချင်တယ်၊ အေးချမ်းလုံခြုံပျော်ရွှင် ချင်ကြတယ်။
ဒီယေဘုယျကျတဲ့အချက်ကို သိထား ရမယ်။ မိမိကို သူတစ်ပါးက ဒုက္ခပေးတာ နှောင့်ယှက်တာကို
မကြိုက်သလို သူတစ်ပါးမကြိုက်အောင် ထိပါးကျူးလွန်၊ စော်ကား၊ အနိုင်ကျင့်မှု
မပြုသင့်ပါ။
လူဆိုတာ
လူမှုအသိုက်အဝန်းနဲ့ ဖွဲ့စည်းထူထောင်ပြီး ပေါင်းသင်းဆက်ဆံနေထိုင်ကြရတာပါ။
လူကောင်း၊ လူဆိုးအမျိုးမျိုးတော့ တွေ့ရမှာပဲ။ ငရဲဘဝကလာတဲ့လူ၊ တိရစ္ဆာန်ဘဝကလာတဲ့လူ၊
သူတို့ဟာ မိုက်ရိုင်းတယ်။ ကြမ်းတမ်းခက်ထန် တယ်။ လူ့ဘုံ၊ နတ်ဘုံကလာတဲ့သူတွေက စာနာ
တယ်၊ ယဉ်ကျေးတယ်၊ စိတ်ကောင်းစေတနာကောင်း ရှိကြတယ်။ ဒါနဗီဇတွေပါလာတဲ့
သူ့ရဲ့မျိုးစေ့သဘောပဲ။
ပတ်ဝန်းကျင်ကောင်းတာနဲ့တွေ့ရင်
သူသူငါငါ ပြောင်းလဲမှုဟာ ကောင်းတဲ့ဘက်ရောက်လာနိုင် တယ်။ ပတ်ဝန်းကျင်
ဆိုးမိုက်ကြမ်းတမ်းတာတွေက ဖုံးလွှမ်းခံရရင် ဆိုးသွားနိုင်ပါတယ်။
ဗီဇကြောင့်ဖြစ်ဖြစ်၊
ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုး ပြုပြင်ခံရလို့ပဲဖြစ်ဖြစ်၊ လူဟာပြောင်းလဲတတ်တယ်။
ကောင်းရာမှ ပိုကောင်းတာလည်း ဖြစ်နိုင်သလို၊ ဆိုးနေတာကနေ ပိုဆိုးသွားတာမျိုးလည်း
ရှိတတ် တာပါပဲ။
ဘဝမှာတိုးတက်အောင်မြင်တဲ့
လူ့ဘဝလူရာဝင်တဲ့၊ လူလေးစားခံရတဲ့အခြေအနေ ရောက်ချင်ရင်တော့ ကောင်းတဲ့ဘက်ကိုပြောင်းလဲနိုင်အောင်
မိမိကိုယ်တိုင်ရော၊ မိမိပတ်ဝန်းကျင်ကိုပါ ပြောင်းလဲနိုင်အောင်
အားထုတ်ကြိုးစားရပေမယ်။
လောကုတ္တရာလမ်းစဉ်ကတော့
ကိုယ့်ဘဝကိုယ် အဓိကထားပြီး ဝိပဿနာတရား အားထုတ်ရမယ် ပြောမှာပဲ။
စာရေးသူကတော့
မိမိကိုယ်ကိုကောင်းအောင်၊ ပိုပြီးကောင်းသထက်ကောင်းအောင် အရည်အသွေး
ပြုပြင်လေ့ကျင့်မြှင့်တင်ရမယ်လို့ တင်ပြချင်ပါ တယ်။
ဘာနဲ့စမလဲ၊
ဘာက အခြေခံကျသလဲ။
သစ်ပင်တစ်ပင်ကို
ကြည့်လိုက်တဲ့အခါ အမြစ်ပိုင်း၊ ပင်စည်ပိုင်းနဲ့ အကိုင်းအခက်ပိုင်းရယ်လို့
သုံးပိုင်းကွဲပြားတာ မြင်ရတယ်မဟုတ်လား။ လူမှာလည်း အပိုင်းသုံးပိုင်း
ခွဲခြားရှုမြင်နိုင်တာပဲ။
၁။
ကိုယ်ကျင့်တရားပိုင်း၊ စာရိတ္တ၊ သီလ
၂။
အသိပညာပိုင်းနဲ့ အတတ်ပညာပိုင်း
၃။
ရာထူးဂုဏ်သိန်
စည်းစိမ်ဥစ္စာပိုင်းရယ်လို့ အပိုင်းသုံးပိုင်း တွေ့ရမယ်။
သစ်ပင်မှာ
အမြစ်ပိုင်းပျက်စီးသွားပါက ကျန်တဲ့ပင်စည်ပိုင်းနဲ့ အကိုင်းအခက်ပိုင်းတို့လည်း
ဘာမှအသုံးမကျဘဲ ထင်းခြောက်ပမာသာပဲ ဖြစ်ရသလိုပေါ့။ လူ့ဘဝမှာလည်း
ကိုယ်ကျင့်တရားပိုင်း ပျက်စီးမယ်ဆိုရင် ကျန်တဲ့အသိပညာ၊ အတတ်ပညာပိုင်း ကော၊
ရာထူးဂုဏ်သိန် စည်းစိမ်အပိုင်းကော အလွန် ကြောက်စရာကောင်းလောက်အောင်
ညှိုးခြောက်ပျောက်ကွယ်သွားရပေတာပဲ။
မျက်စိအောက်မှာတင်ပဲ
ပျောက်ပျက်နိမ့်ပါးသွားကြသူတွေသာဓကပမာ ပြစရာအများကြီး ရှိပါတယ်။ တကယ်တော့
လူ့ကျင့်ဝတ်ဖောက်ပြားပြီး အမှားတွေအကြိမ်ကြိမ် ကျူးလွန်ခဲ့သူအချို့ဟာ
ရာထူးစည်းစိမ်ရှိနေစဉ်မှာတော့ မေးမော့၊ လည်တိုင်ကျော့ကျော့၊ မိုးမမြင်လေမမြင်
ဆောင့်ကြွားကြွားနဲ့ မာနပုံဟန် အထင်အရှားတွေ့ခဲ့ရပေမယ့် တရားဥပဒေချိုးဖောက်ညှိစွန်းမှုတွေ
တစ်ခုပြီးတစ်ခု ပေါ်လွင်ထင်ရှားလာတဲ့ အခါမှာတော့ သူ့ဘဝဟာ
ကိုယ်ကျင့်တရားအမြစ်ပိုင်းက စတင်ပျက်စီးခဲ့ပြီမို့ ပင်စည်ပြိုလဲရပြီပေါ့။
အရင်းလဲကျတော့ အဖျားထင်း ဖြစ်ကြပြီပေါ့။
“ဪ.. ဖြစ်စဉ်ဖြစ်ရပ် မြင်ကွင်းတွေက
လူ့ဘဝရဲ့ သမိုင်းသင်ခန်းစာ ဘာကိုအထင်အရှား ပြသသွားခဲ့သလဲဆိုရင် “ကိုယ်ကျင့်တရား၊ ကျင့်ဝတ်” ဆိုတာ လူသားဂုဏ်ရည်အတွက် အရင်းအမြစ် အခြေခံသဘော
(အရေးကြီးလှ) ပါတကား။ ရှေ့ကလူအများကို မကြည့်မြင်ဘဲ မော့တော့ မော့တော့နဲ့ ချောက်ထဲကျင်းထဲ
မှောက်လျက် မလဲပါစေနဲ့နော်။ ။

No comments