မာဆေးလ်က ဘရက်စ်ကို ဂိုးပြတ်အနိုင်ယူပြီး အမှတ်ပေးဇယားကို ဦးဆောင်
ပြင်သစ်လီဂူးဝမ်း
ပွဲစဉ် (၁၂) တွင် မာဆေးလ်အသင်းက ဘရက်စ်အသင်းကို တိုက်စစ်ခြေစွမ်းပြကာ သုံးဂိုးပြတ်အနိုင်ရရှိပြီး
အမှတ်ပေးဇယားကို ရမှတ် ၂၅ မှတ်ဖြင့် ဦးဆောင်နိုင်ခဲ့သည်။ အဆိုပါ ပွဲစဉ်ကို နိုဝင်ဘာ
၈ ရက် ည ၁၀ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့ခြင်း ဖြစ်သည်။
ပွဲချိန် ၂၅ မိနစ်တွင်
မန်ယူအသင်း ကွင်းလယ်ကစားသမားဟောင်း အိန်ဂျယ်ဂိုမက်စ်က မာဆေးလ်အသင်းအတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့သည်။
ပြိုင်ဘက်ဘရက်စ်အသင်းသည် ပုံမှန်ခြေစွမ်းပြသနိုင်ခြင်းမရှိဘဲ တုံ့ပြန်တိုက်စစ်ဆင်မှု
အနည်းငယ်သာ ပြုလုပ်နိုင်ခဲ့သည်။
ပွဲချိန် ၃၃ မိနစ်တွင်
မာဆေးလ်အသင်း ပယ်နယ်တီကန်သွင်းခွင့် ရရှိခဲ့ရာ မန်ယူတိုက်စစ်ကစားသမားဟောင်း မေဆင်ဂရင်းဝုဒ်က
အမှားအယွင်းမရှိ အဆုံးသတ်နိုင်ခဲ့သည်။ ဂရင်းဝုဒ်သည် ယခုပွဲစဉ်တွင် သွင်းဂိုးတစ်ဂိုးရယူနိုင်ခဲ့သည့်အတွက်
ပြင်သစ်လီဂူးဝမ်း ဂိုးအများဆုံး သွင်းယူသူစာရင်းတွင် ရှစ်ဂိုးဖြင့် ဒုတိယနေရာသို့ တက်လှမ်းလာခဲ့သည်။
မာဆေးလ်အသင်းအတွက် အနိုင်သေချာစေမည့် တတိယအနိုင်ဂိုးကို ပွဲချိန် ၈၁ မိနစ်တွင် အူဘာမီယန်က
သွင်းယူပေးခဲ့သည်။ မာဆေးလ်အသင်းသည် ယခုပွဲစဉ် နိုင်ပွဲရရှိခဲ့သည့်အတွက် ခါးသီးပြိုင်ဘက်
ပီအက်စ်ဂျီအသင်းထက် တစ်ပွဲပိုကစားပြီး တစ်မှတ်အသာဖြင့် အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်ခဲ့သည်။
အခြားပွဲစဉ်ရလဒ်တွင်
လန်းစ်က မိုနာကိုအသင်းကို လေးဂိုး- တစ်ဂိုးဖြင့် နိုင်ပွဲရပြီး လီဟာဗရီနှင့် နန့်တက်စ်အသင်းပွဲစဉ်တွင်
တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည်။
မိုးဇက် - စုစည်းရေးသားသည်

No comments