မွန်ပြည်နယ်ဝန်ကြီးချုပ် ချောင်းဆုံမြို့နယ် မုရစ်ကလေးကျေးရွာ တိုက်နယ်ဆေးရုံ၌ အထူးကုဆရာဝန်ကြီးများ အခမဲ့ကွင်းဆင်းကုသပေးခြင်း ကြည့်ရှုအားပေး

 


မော်လမြိုင် နိုဝင်ဘာ ၂၃

 

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မွန်ပြည်နယ် ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ အထူးကုဆရာဝန်ကြီးများက ဒေသခံပြည်သူများအား အခမဲ့ ကွင်းဆေးကုသပေးလျက်ရှိသည်။

 

ထိုသို့ ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက ချောင်းဆုံမြို့နယ် မုရစ်ကလေးကျေးရွာ တိုက်နယ်ဆေးရုံ၌ အထူးကုဆရာဝန်ကြီး များနှင့် ကျန်းမာရေးဝန်ထမ်းများက ဒေသခံပြည်သူများအား ကျန်းမာရေး အခမဲ့စစ်ဆေးကုသ ပေးခြင်း၊ ဆေးဝါးများ အခမဲ့လှူဒါန်းပေးခြင်းကို ကြည့်ရှုအားပေးပြီး ကျန်းမာရေးစောင့်ရှောက် ကုသမှုလာရောက်ခံယူသူများကို အာဟာရမုန့်၊ စားစရာများ၊ ရေသန့်ဘူးများ အခမဲ့ဝေငှပေးပြီး ရင်းရင်းနှီးနှီး လိုက်လံအားပေး နှုတ်ဆက်သည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ချောင်းဆုံမြို့နယ် ပြည်သူ့ဆေးရုံ၊ ကညှော်ကျေးရွာ၊ မုရစ် ကလေးကျေးရွာတို့ရှိ တိုက်နယ်ဆေးရုံများအတွက် လိုအပ်သည့် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများပေးအပ်ပြီး မုရစ်ကလေး တိုက်နယ်ဆေးရုံတွင် ဖျားနာ၊ ခွဲစိတ်၊ သားဖွားမီးယပ်၊ ကလေး၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ အကြောအဆစ်၊ အရေပြား၊ သွားနှင့်ခံတွင်း၊ ဓာတ်မှန် အစရှိသည့် ကျွမ်းကျင် အထူးကုဆရာဝန်ကြီးများက ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ကြည့်ရှုအားပေးကာ ပြည်နယ်ဝန်ကြီးချုပ်က အခမဲ့ ကွင်းဆင်း ဆေးကုပေးသော အထူးကု ဆရာဝန်ကြီးများကို အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

 

ထို့အတူ မွန်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၏ ၂၀၂၅-၂၀၂၈ သက်တမ်းအတွက် အလုပ်အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲကို မော်လမြိုင်မြို့ ငွေမိုးဟိုတယ်၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ဒုတိယဥက္ကဋ္ဌ ဦးအောင်မျိုးထွန်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြား၍ ဥက္ကဋ္ဌ ဦးတင်ကိုကိုက အလုပ်အမှုဆောင်များ ရွေးချယ်တင်မြှောက်မှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းအလုပ်အမှုဆောင်များ၊ အသင်းသူ အသင်းသားများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ အသင်းအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)

No comments

Powered by Blogger.