နိုင်ငံသားစိစစ်ရေးကတ်များ ရပ်ကွက်များအရောက် ကွင်းဆင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး

 


မော်လမြိုင် နိုဝင်ဘာ ၂၁

 

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်အတွင်းရှိ မဲစာရင်းတွင် ပါသင့်သူများ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ရရှိစေရေးအတွက် ရပ်ကွက်များအရောက် ကွင်းဆင်း ဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို နိုဝင်ဘာ ၁၈ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ကျင်းပသည်။

 

ဦးစွာ မြို့နယ်အထွေထွေ အုပ်ချုပ်‌ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းနိုင်က ရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူ နိုင်ငံသားတိုင်း ဆန္ဒမဲပေးနိုင်ရေးအတွက် ကိုင်ဆောင်ခွင့်ရှိသည့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ရရှိရေး ဦးစားပေး ဆောင်ရွက်သွားရန် လိုအပ်သောကြောင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနစာရေးဝန်ထမ်းများက ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် ဆွေးနွေးပြောကြားသည်။

 

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးဦးခင်မောင်က ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့တွင် စာရင်းကောက်ယူထားသော အသက် ၁၈ နှစ်ပြည့်ပြီး နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိသူများအား ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 စည်သူ(ပြန်/ဆက်)

No comments

Powered by Blogger.