ဂါဇာဒေသတွင် အစ္စရေး-ဟားမတ်စ်တိုက်ပွဲစတင်ဖြစ်ပွားပြီးနောက်ပိုင်း သေဆုံးသူဦးရေ ၇၀၀၀၀ ကျော်ရှိလာ



ဒီဇင်ဘာ ၁

ဂါဇာကမ်းမြောင်ဒေသတွင် ၂၀၂၃ ခုနှစ် အောက်တိုဘာလက စတင်ခဲ့သော အစ္စရေးတပ်ဖွဲ့များနှင့် ဟားမတ်စ်တို့အကြား တိုက်ပွဲများစတင်ဖြစ်ပွားပြီးနောက်ပိုင်း သေဆုံးသူဦးရေ ၇၀၀၀၀ ကျော် ရှိလာကြောင်း ဂါဇာဒေသရှိကျန်းမာရေးအာဏာပိုင်များက ပြောကြားခဲ့သည်။

သေဆုံးသူဦးရေ ၇၀၁၀၀ အထိ ရောက်ရှိသွားပြီဖြစ်ကြောင်း အာဏာပိုင်များက နိုဝင်ဘာ ၂၉ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။ အပစ်အခတ်ရပ်စဲရေး စတင်အသက်ဝင်ချိန် အောက်တိုဘာ ၁၀ ရက်က စတင်ကာ လူ ၃၅၄ ဦး သေဆုံးခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။

ပျက်စီးနေသော အဆောက်အအုံများနှင့် အခြားနေရာများ၏ အပျက်အစီးများအောက်တွင် မြှုပ်နှံထားသော ရုပ်အလောင်းများကို ရှာဖွေဖော်ထုတ်ရန် ယင်းနယ်မြေအတွင်း ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း ဖော်ပြထားသည်။ နိုဝင်ဘာ ၂၉ ရက်က ရုပ်အလောင်း ၆၀၀ ကျော်ကို ရှာဖွေတွေ့ရှိခဲ့သည်ဟု တာဝန်ရှိသူများက ဆိုသည်။

အပစ်အခတ်ရပ်စဲပြီးနောက်မှာပင် အစ္စရေးတပ်ဖွဲ့က ရံဖန်ရံခါ တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်လျက်ရှိသဖြင့် ဂါဇာတွင် သေဆုံးသူဦးရေ ဆက်လက်မြင့်တက်လာလျက်ရှိသည်။ အစ္စရေးက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်သည်ဟုဆိုကာ ဟားမတ်စ်ကို စွပ်စွဲထားသည်။

 ဂါဇာတောင်ပိုင်း ခန်းယူနစ်အနီး အစ္စရေး၏ တိုက်ခိုက်မှုတစ်ခုတွင် ညီအစ်ကိုနှစ်ဦး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်းမီဒီယာများက ဖော်ပြခဲ့သည်။

ထိုကလေးနှစ်ဦးသည် ၎င်းတို့၏ဖခင်ကို ကူညီရန်ထင်းများစုဆောင်းနေစဉ် အစ္စရေးဒရုန်းတစ်စင်း၏ တိုက်ခိုက်ခြင်းခံခဲ့ရကြောင်း ကလေးများ၏ဆွေမျိုးတစ်ဦးပြောကြားချက်ကိုကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.