ကရင်သက္ကရာဇ်(၂၇၆၅) ကရင်အမျိုးသားနှစ်ကူးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကော့ပရံ-ကော့မလောက် ကွန်ကရစ်လမ်းသစ်ဖွင့်

 


ဘားအံ ဒီဇင်ဘာ ၉

 

ကရင်သက္ကရာဇ်(၂၇၆၅) ကရင်အမျိုးသား နှစ်ကူးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကရင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဘားအံမြို့နယ်အတွင်း ပြည်ထောင်စုငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ၇၆၃ ဒသမ ၆၃၉ သန်းဖြင့် DNT ကုမ္ပဏီနှင့်Thanlwin Fridndship ကုမ္ပဏီတို့မှ တာဝန်ယူဆောင်ရွက်သည့် ကော့ပရံ-ကော့မလောက် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါလမ်းပိုင်း၌ ကျင်းပသည်။

 

ကြည့်ရှုစစ်ဆေး

ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက ကော့ပရံ-ကော့မလောက် ကွန်ကရစ်လမ်းသစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ တက်ရောက်လာသူများနှင့်အတူ လမ်းအား ဖြတ်သန်းကြည့်ရှု စစ်ဆေးကြသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အအုံများ ဖြစ်သော လမ်းတံတားများ တည်ဆောက်ရာတွင် အတူတကွပူးပေါင်းပါဝင်၍ ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ပေးကြစေလိုကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက် ပေးခြင်းဖြင့် ကျေးလက်ဒေသများ အမြန်ဆုံးဖွံ့ဖြိုးတိုးတက်အောင် လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

 

ယင်းနောက် ဒေသခံပြည်သူတစ်ဦးက ကွန်ကရစ်လမ်းသစ် ဆောင်ရွက်ပေးခြင်းအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်သည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသော ဒေသခံပြည်သူများအား တွေ့ဆုံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)

No comments

Powered by Blogger.