စပိန်လာလီဂါပွဲစဉ် (၁၅) တွင် ရီးရဲမက်ဒရစ်အသင်း ရှုံးနိမ့်ပြီး အက်စ်ပန်ညိုအသင်း အနိုင်ရ
စပိန်လာလီဂါပွဲစဉ် (၁၅) မှ ဒီဇင်ဘာ ၈ ရက် နံနက် ၂ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့သည့် ရီးရဲမက်ဒရစ်နှင့် ဆဲလ်တာဗီဂို အသင်းပွဲစဉ်တွင် ဆဲလ်တာဗီဂိုအသင်းက
အကြိတ်အနယ်ကစားကာ နှစ်ဂိုးပြတ် အနိုင်ရရှိခဲ့သည်။ အဆိုပါပွဲစဉ်ကို ဘာနေဗျူးကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ပြီး ပရိသတ် ၇၄၀၀၀ ကျော်
လာရောက် ကြည့်ရှုအားပေးခဲ့သည်။
ရီးရဲမက်ဒရစ်အသင်းသည် ဂိုးပေါက်
ကန်သွင်းမှုအသာနှင့်အတူ ဆဲလ်တာဗီဂိုအသင်းကို ပွဲချိန် အများစု တစ်ဖက်သတ် ကစားနိုင်ခဲ့သော်လည်း
ကစားသမားများ၏ အဆုံးသတ်သွင်းယူမှုတွင် လိုအပ်ချက်ရှိနေသည့်အတွက်
ဂိုးပြတ်ရှုံးပွဲကြုံတွေ့ကာ ဦးဆောင်သူ ဘာစီလိုနာအသင်းနှင့် လေးမှတ်အထိ ကွာဟသွားခဲ့ပြီဖြစ်သည်။
ဆဲလ်တာဗီဂိုအသင်းသည် ရီးရဲမက်ဒရစ်အသင်း၏ ဖိအားပေးခြင်းခံခဲ့ရသော်လည်း
ရရှိလာသည့် အခွင့်အရေးကို အမိအရအသုံးချကာ
သွင်းဂိုးများအဖြစ် ပြောင်းလဲပြီး အရေးပါသည့် နိုင်ပွဲကို ဖော်ဆောင်နိုင်ခဲ့သည်။ ထို့အပြင် ဆဲလ်တာဗီဂိုအသင်းသည်
၂၀၁၄ ခုနှစ် မေလနောက်ပိုင်း ရီးရဲမက်ဒရစ်အသင်းကို ပထမဆုံးအကြိမ် နိုင်ပွဲရရှိခဲ့ခြင်းလည်း ဖြစ်သည်။
အဆိုပါပွဲစဉ်မှာ ရီးရဲမက်ဒရစ်အသင်း
ကစားသမားသုံးဦးအထိ အနီကတ်ပြသခံခဲ့ရသည်။ ဆဲလ်တာ
ဗီဂိုအသင်းသည် ယခုအနိုင်ပွဲကြောင့် လာလီဂါနိုင်ပွဲ
လေးပွဲနှင့်အတူ ရမှတ် ၁၉ မှတ်ဖြင့် အဆင့် (၁၀) သို့ တက်လှမ်းနိုင်ခဲ့သည်။
ရီးရဲမက်ဒရစ်အသင်းက ယခုပွဲစဉ် ရှုံးနိမ့်ခဲ့သည့်အတွက် ဦးဆောင်သူ ဘာစီလိုနာနှင့်
ရမှတ်ကွာဟမှု လေးမှတ်အထိ ရှိလာပြီဖြစ်သောကြောင့် ထက်ကြပ်မကွာ ဆက်လက်ဖိအားပေးနိုင်ရန် လာမည့် ပွဲစဉ်များတွင် မဖြစ်မနေ ရလဒ်ကောင်းရရှိရေး ကြိုးပမ်းအားထုတ်တော့မည်ဖြစ်သည်။
အခြားပွဲစဉ်အဖြစ် ဒီဇင်ဘာ
၈ ရက် နံနက်အစောပိုင်းတွင် အက်စ်ပန်ညိုနှင့် ဗယ်လက်ကာနို အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ အက်စ်ပန်ညိုအသင်းက တစ်ဂိုး- ဂိုးမရှိဖြင့် နိုင်ပွဲရရှိခဲ့သည်။
အောင်ဇော်

No comments