တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနား တက်ရောက်
ထားဝယ် ဒီဇင်ဘာ ၃
“လူမှုဘဝမြင့်မားရေး မသန်စွမ်းသူများပါဝင်သော လူ့အဖွဲ့အစည်းများမြှင့်တင်ပေး”ဟူသည့် ဆောင်ပုဒ်နှင့်အညီ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီးတွင် စုစုပေါင်းလူဦးရေ၏ ၇ ဒသမ ၁ ရာခိုင်နှုန်းသည် မသန်စွမ်းသူများဖြစ်ကြောင်း၊ မသန်စွမ်းသူများ၏ အရည်အသွေးကို ထုတ်ယူပြီး နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်များအဖြစ် အသုံးပြုနိုင်မှသာ ရေရှည်တည်တံ့ပြီး ဖွံ့ဖြိုးတိုးတက်သော လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ မသန်စွမ်းသူများအပေါ် ထားရှိသည့် အပြုသဘောမဆောင်သည့် သဘောထားအမြင်များကို ဖယ်ရှားပြီး ရှုထောင့်သစ်၊ အမြင်သစ်များဖြင့် မသန်စွမ်းသူများအပေါ် နားလည်လက်ခံပေးနိုင်ရန် အရေးကြီးကြောင်း၊ မသန်စွမ်းမှုကို အကြောင်းပြုပြီး မသန်စွမ်းသူများကို ခွဲခြားဆက်ဆံခြင်းမပြုကြရန်နှင့် မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာ၊ စွမ်းရည်၊ စွမ်းဆောင်နိုင်မှုများကို အလေးထား အသိအမှတ်ပြုပေးပြီး မသန်စွမ်းသူများ၏ အခွင့်အရေးများကို ကာကွယ်ပေးကြရန်လိုအပ်ကြောင်း၊ ၂၀၂၅ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့၏ ဆောင်ပုဒ်ဖြစ်သည့် “လူမှုဘဝမြင့်မားရေး မသန်စွမ်းသူများ ပါဝင်သောလူ့အဖွဲ့အစည်းများ မြှင့်တင်ပေး” နှင့်အညီ မသန်စွမ်းသူများ၏အရေးကို မသန်စွမ်းသူများနှင့်အတူ ဝိုင်းဝန်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာ Video clip နှင့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ဆောင်ရွက်ချက် မှတ်တမ်း Video clip တို့ကိုပြသပြီး မသန်စွမ်းသူများ၏ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖျော်ဖြေတင်ဆက်သည့် မသန်စွမ်းသူများကို ဂုဏ်ပြုဆုချီးမြှင့်ပြီး တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးတို့က အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခြေခံပညာ အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတို့တွင် ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

No comments