တောင်ကြီးမြို့၌ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ
တောင်ကြီး ဒီဇင်ဘာ ၃
မသန်စွမ်းမှုဆိုင်ရာ အရေးကိစ္စများကို သိရှိနားလည်နိုင်စွမ်းမြှင့်တင်ရန်၊ မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာ လူ့အခွင့်အရေးများနှင့် အကောင်းဆုံးအကျိုးစီးပွားအတွက် ပံ့ပိုးကူညီဆောင်ရွက်နိုင်ရေး စည်းရုံးလှုံ့ဆော်ရန်အတွက် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်က ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အတွက် ကုလသမဂ္ဂအဖွဲ့ကြီးက သတ်မှတ်ပေးသည့် ဦးတည်ဆောင်ပုဒ်မှာ “Fostering disability inclusive societies for advancing social progress - လူမှုဘဝမြင့်မားရေး မသန်စွမ်းသူများ ပါဝင်သော လူ့အဖွဲ့အစည်းများ မြှင့်တင်ပေး” ဖြစ်ပါကြောင်း၊ မသန်စွမ်းသူများ၏ အမြင်နှင့် သဘောထားကို အလေးထား၍ လူ့အဖွဲ့အစည်းအတွင်း မသန်စွမ်းသူများ ပါဝင် ဆောင်ရွက်ခွင့်ရရှိရေး မြှင့်တင်ပေးခြင်း၊ မတူကွဲပြားမှုကို လက်ခံပြီး စည်းလုံးညီညွတ်မှု ရှိသည့် လူ့အဖွဲ့အစည်းကို တည်ဆောက်ခြင်းတို့ဖြင့် မသန်စွမ်းသူများ၏အရေးကို မသန်စွမ်းသူများနှင့်အတူ ဝိုင်းဝန်းဆောင် ရွက်ပေးကြရန် ပြောကြားသည်။
ထို့နောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာ Video Clip အား ပြသပြီး တောင်ကြီးမြို့ သူငယ်တော်ယေဇူး မသန်စွမ်းနှင့် မိဘမဲ့ဂေဟာမှ မသန်စွမ်းကလေးများက မေတ္တာ စက်ဝိုင်းသီချင်းနှင့် ထာဝရသစ္စာ သီချင်းတို့ဖြင့် သီဆိုကပြဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာသူများက ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် ကပြဖျော်ဖြေ ပေးကြသော ကလေးငယ်များအတွက် ဂုဏ်ပြုဆုငွေကျပ် ၁၀ သိန်းနှင့် သူငယ်တော်ယေဇူး မသန်စွမ်းနှင့် မိဘမဲ့ဂေဟာ အတွက် အလှူငွေကျပ်သိန်း ၃၀ တို့ကို ပြည်နယ်ဝန်ကြီးချုပ်က ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူပြီး ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် Special Olympics Myanmar အားကစား ပြိုင်ပွဲတွင် ဆုရရှိသူများကို ရှမ်းပြည်နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့နာယက ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ကြ သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ် မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ် ရေးအဖွဲ့နာယက ပြည်နယ် ဝန်ကြီးချုပ်၏ဇနီး၊ တာဝန်ရှိသူများက အခမ်းအနား တက်ရောက်လာကြသည့် မသန်စွမ်းကလေးများကို အာဟာရမုန့်များ ဝေငှပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)

No comments