လသာမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေး
ရန်ကုန် ဒီဇင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး
ဦးကျော်ကျော်စိုးသည် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ယနေ့မွန်းလွဲ
၂ နာရီတွင် လသာမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌
လသာမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် များ၊ မြို့နယ်ရွေးကောက်ပွဲ
ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့်
တွေ့ဆုံဆွေးနွေးသည်။
ထိုသို့ တွေ့ဆုံရာတွင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး
ဦးကျော်ကျော်စိုးက ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက်
မဲစာရင်းတွင် မပါဝင် သင့်သူများ မပါဝင်စေရေးနှင့် ပါဝင်သင့်သည့်သူများ ပါရှိစေရေးအတွက်
သတ်မှတ်ပုံစံများဖြင့် လျှောက်ထား၊ ပြင်ဆင်၊ ပယ်ဖျက်ခြင်းလုပ်ငန်းများကို အလေးထား ဆောင်ရွက်ရန်၊
မဲပေးပိုင်ခွင့် ရှိသည့် နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်ရရှိရေး ဆောင်ရွက်ပေးနေရသည့်
ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများမှ စိတ်အားထက်သန်စွာ
ဆောင်ရွက်ရန်၊ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အသိပညာပေးဆိုင်ရာ လုပ်ငန်းများ၊ မဲပေးရာတွင်
ကိုင်တွယ် အသုံးပြုရမည့် မဲပေးစက်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ပြည်သူများ ပိုမိုသိရှိစေရေး
ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ မြို့နယ် စီမံခန့်ခွဲရေးနှင့်
အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရန်နိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲ
ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာအဖွဲ့ဝင်များ၊ ရပ်မိ ရပ်ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ
တက်ရာက်ကြကြောင်း သိရသည်။
နေလင်း(ပြန်/ဆက်)

No comments