နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးနေမှုကြည့်ရှု

 


နေပြည်တော် ဒီဇင်ဘာ ၁၁

 

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ပိုင်းတွင် ပျဉ်းမနားမြို့နယ် ပုရွက်ဆိတ်ကုန်းကျေးရွာ၌ ကျင်းပသည့် ဆောင်းသီးနှံ အပြည့်အဝ စိုက်ပျိုးနိုင်ရေး တောင်သူတွေ့ဆုံပွဲနှင့် နေကြာနှင့် ပိုက်ဆံလျှော်မျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်အမှာစကား ပြောကြားပြီး ဒေသခံတောင်သူများထံ ဆင်းရွှေကြာ(၂)၊ ပိုက်ဆံလျှော်၊ ထရိုင်ဂိုဒါးမား မြေဆွေးနှင့် ကျောက်မှုန့်မြေဩဇာများ ပေးအပ်သည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ပျဉ်းမနားမြို့နယ် သစ်လေးလုံးကျေးရွာ စိမ်းလဲ့လွင်ခန်းမ၌ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးဆောင်ရွက်နေမှုနှင့် လက်တွေ့သရုပ်ပြစမ်းသပ် မဲပေးခြင်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုသည်။

 

ယမန်နေ့မွန်းလွဲပိုင်းကလည်း နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ဥတ္တရသီရိမြို့နယ် မောင်းရမ်းကျေးရွာခန်းမ၌ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)ဖြင့် မဲပေးသည့်စနစ်ကို မဲဆန္ဒရှင်ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် အသိပညာပေးခြင်းလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ရေး၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ရမည့် လုပ်ငန်းများ လစ်ဟာမှုမရှိအောင် ဆောင်ရွက်ရေး၊ နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့် အခွင့်အရေး ပြည့်ဝစွာရရှိစေရေး ဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို မှာကြားသည်။

အောင်သူရဦး(ဒက္ခိဏ)

No comments

Powered by Blogger.