ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအားတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြား
နေပြည်တော် ဒီဇင်ဘာ
၁၁
ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများအား
တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ တွေ့ဆုံ၍
ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြားသည်။
အဆိုပါ
တွေ့ဆုံပွဲသို့ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ်
ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာန ချုပ် တိုင်းမှူး၊
ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးနှင့်
ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဒေသဆိုင်ရာ အချက်အလက်များနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများအား
ရှင်းလင်း တင်ပြ
ဦးစွာ
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒေသဆိုင်ရာအချက်အလက်များ၊ စိုက်ပျိုးရေးနှင့်
မွေးမြူရေး လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှု၊ ရေလှောင်တမံများ၏
ရေသိုလှောင်နိုင်မှု၊ ဆိုလာရေတင်စနစ်များ၊ လျှပ်စစ်ရေတင်စနစ်များဖြင့်
ရေတင်သိုလှောင် ဆောင်ရွက်လျက်ရှိမှု၊ ဆိုလာစနစ်ဖြင့် ကျေးရွာ မီးလင်းရေး
လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှု၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချေးငွေများ
ထုတ်ပေးထားရှိမှု၊ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုဆောင်ရွက်
ပေးလျက်ရှိမှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိမှု၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးလျက် ရှိမှု၊
ပညာရေး၊ ကျန်းမာရေးနှင့် အားကစားကဏ္ဍ မြှင့်တင်ရေးလုပ်ငန်းများ
ဆောင်ရွက်လျက်ရှိမှု၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ
အောင်မြင်စွာကျင်းပနိုင်ရေး၊ မဲရုံများ စနစ်တကျ ဖြစ်စေရေး၊ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများအားလုံး၏
အခွင့်အရေးများ မဆုံးရှုံးရစေရေး ဆောင်ရွက်လျက် ရှိမှု၊ နိုင်ငံရေးပါတီများအလိုက်
တိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲအကြို လှုပ်ရှားမှုများ
ဆောင်ရွက်လျက်ရှိမှုတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးများက ပြန်လည်
ရှင်းလင်းဆွေးနွေး
ရှင်းလင်းတင်ပြမှုများနှင့်
ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာသက်ခိုင်ဝင်း၊
ဒေါက်တာစိုးဝင်းတို့က ပြန်လည်ရှင်းလင်းပြောကြားရာတွင်
ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင်
ကျန်းမာရေးဝန်ထမ်းများသာမက အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများမှလည်း
ဝိုင်းဝန်းကူညီ ဆောင်ရွက်သွားရန်လိုအပ်မှု၊ ကိုယ်ဝန်ဆောင်မိခင်အပါအဝင်
ကလေးငယ်များအား ကာကွယ်ဆေးထိုးလုပ်ငန်းများသည် အရေးကြီးလုပ်ငန်းများဖြစ်သည့်အတွက်
နိုင်ငံတော်မှ အလေးထား ဆောင်ရွက်ပေးလျက်ရှိမှု၊ သက်ကြီးကာကွယ်စောင့်ရှောက်မှု
လုပ်ငန်းများ အတွက် ထောက်ပံ့ခြင်းများဆောင်ရွက် ပေးလျက်ရှိမှု၊
သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်နိုင်ခြေ လျှော့ချရေး လုပ်ငန်းများ
ဆောင်ရွက်ပေးလျက်ရှိမှုနှင့် သဘာဝဘေးဒဏ်ကို ကြံ့ကြံ့ခံနိုင်သည့် တိုင်းပြည်
ဖြစ်စေရေး ဆောင်ရွက်လျက်ရှိမှုတို့နှင့် ပတ်သက်၍ ဆွေးနွေးပြောကြားကြသည်။
မိမိတို့ တိုင်းဒေသကြီး၏ အခြေခံအချက်အလက်များကို မှန်ကန်စွာသိရှိအောင်
ဆောင်ရွက်ပြီး အကျိုးရှိရှိ အသုံးချသွားရန်လို
ရှင်းလင်းတင်ပြမှုများနှင့်စပ်လျဉ်း၍
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေး
ကော်မရှင်ဥက္ကဋ္ဌက လာမည့် ၂၈ ရက်နေ့ တွင် မိမိတို့နိုင်ငံ၌ ပါတီစုံဒီမိုကရေစီ
အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ် မတ်လကုန်တွင်
အစိုးရအဖွဲ့ အပြောင်းအလဲများလည်း ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်
လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာကို
ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ကြောင်း၊ သန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်
ခံစာထုတ်ပြန်မှုသည် နိုင်ငံတော်အတွက် အဖိုးတန်သည့် စာရင်းအင်း၊ ကိန်းဂဏန်း
အချက်အလက်များပင် ဖြစ်ကြောင်း၊ ကောက်ခံရရှိသည့် အချက်အလက်များသည်
နိုင်ငံ၏လက်ရှိဖြစ်ပေါ်နေသည့် လူဦးရေပြောင်းလဲလာမှုနှင့် မြို့ပြ၊ ကျေးလက်အလိုက်
လူဦးရေ အခြေအနေ၊ နိုင်ငံသူနိုင်ငံသားများ၏ ပညာရေးအဆင့်အတန်း၊
လုပ်သားအင်အားအခြေအနေနှင့် အလုပ်လုပ်ကိုင်မှု၊ ရွှေ့ပြောင်းသွားလာမှုနှင့်
၎င်းတို့၏ နေထိုင်မှုပုံစံ စသည်တို့နှင့် မိမိတို့မြန်မာနိုင်ငံ၏ အနာဂတ်ကို မီးမောင်းထိုးပြနေသည့် နေ့စဉ်လူနေမှုဘဝ
ပုံစံများကို ထုတ်ဖော်ပြသခြင်းပင်ဖြစ်သဖြင့် မူဝါဒ၊ စီမံကိန်းများရေးဆွဲချမှတ်သူများ၊
အချက်အလက် အသုံးပြုသူများအားလုံးအနေဖြင့် အကျိုးရှိရှိ အသုံးချသွား
ကြရန်လိုကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးမှ ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့်လည်း
သန်းခေါင်စာရင်း ဆိုင်ရာအချက်အလက်များကို အလေးထား၍ မိမိတို့တိုင်းဒေသကြီး
ဖွံ့ဖြိုး တိုးတက်ရေးအတွက် အသုံးချသွားကြရန်လိုကြောင်း။
ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှုသည် အနာဂတ်တိုင်းပြည်အတွက်
ရင်းနှီးမြှုပ်နှံခြင်းပင်ဖြစ်
ကောက်ယူရရှိသည့်
ကိန်းဂဏန်း အချက်အလက်များအရ မိမိတို့နိုင်ငံတွင် ပညာရေးနှင့်ပတ်သက်၍
အားနည်းမှုများ ရှိနေသည်ကို တွေ့မြင်နိုင်မည်ဖြစ်ပြီး မိမိတို့အစိုးရအနေဖြင့်
ပညာရေးကဏ္ဍ မြှင့်တင်ခြင်း လုပ်ငန်းများကို အလေးထား
အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ပညာရေးတွင် ကျောင်းနေရာခိုင်နှုန်း
မြင့်မားရေးနှင့် တန်းစဉ်ကူးပြောင်းမှု မြင့်မားရေးကို ဆောင်ရွက်သွားရမည် ဖြစ်ပြီး
အကြောင်းမျိုးမျိုးကြောင့် တန်းစဉ်ကူးပြောင်းမှုများ
အားနည်းမှုများဖြစ်ပေါ်နေသည်ကို တွေ့ရှိရကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး
အနေဖြင့်လည်း တန်းစဉ်ကူးပြောင်းမှုများ ယခုထက် ပိုမိုမြင့်မားစေရေး
ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း၊ ပညာရေးကဏ္ဍ အားနည်းပါက ကျန်ရှိသည့်
ကဏ္ဍများတွင်လည်း အားနည်းလာမည် ဖြစ်ကြောင်း၊ အနာဂတ်တွင် ခေတ်မီနိုင်ငံတော်ကို
တည်ဆောက်ရေးအတွက် အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် လူသား အရင်းအမြစ်ကောင်း များစွာကို
မွေးထုတ်ပေးနိုင်ရန်လိုကြောင်း၊ ထို့ပြင် စည်းကမ်းစနစ်ကျနသည့် လူ့အဖွဲ့အစည်းတစ်ရပ်
ကိုလည်း ပုံဖော်ပေးနိုင်ရမည်ဖြစ်ကြောင်း၊ “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက”
ဆိုသည့် အတိုင်း အနာဂတ်၏ ကလေးငယ်များသည် ပညာသင်ကြားချိန်တွင် ဆရာ ဆရာမများ၏
သွန်သင်ဆုံးမမှုများကို ခံယူခဲ့ကြရမည်ဖြစ်ကြောင်း၊ ကျောင်းလုံးဝမနေခဲ့ရသူများထက်
ကျောင်း တက်ရောက်ခဲ့သည့် ကလေးငယ်များသည် စည်းကမ်းပိုမိုကောင်းမွန်သည်ကို
တွေ့မြင်ရမည်ဖြစ်ပြီး တက်ရောက်ခဲ့ရသည့် အတန်းအလိုက် စိတ်ဓာတ်နှင့်စည်းကမ်းများ
လိုက်နာမှုကွာဟသွားမည် ဖြစ်ကြောင်း၊ ထို့ပြင် မိမိဘဝကိုတိုးတက်စေနိုင်မည့်
အပြုအမူ၊ အနေအထိုင်၊ အလေ့အကျင့် ကောင်းများကိုလည်း ရရှိစေနိုင်မည်ဖြစ်ပြီး
မိမိနှင့် မိမိပတ်ဝန်းကျင်အတွက် အကျိုးမဖြစ်စေသည့် ဆေးလိပ်၊ အရက်၊ ကွမ်းတို့
သုံးစွဲခြင်းများကိုရှောင်ကြဉ်ရန် အသိတရားများကိုလည်း
ရရှိသွားစေနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကျောင်းသား ကျောင်းသူများအား စနစ်တကျ
သင်ကြားပေးမည် ဆိုပါက စိတ်ဓာတ် စည်းကမ်း ကောင်းမွန်သည့် အဖိုးတန် မျိုးဆက်သစ် လူငယ်များကို
မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ပညာရည်မြှင့်တင်ရေး လုပ်ငန်းများကို
အလေးထားအားပေးမြှင့်တင် ဆောင်ရွက်လျက်ရှိပြီး ပညာရေးတွင် ရင်းနှီး မြှုပ်နှံမှုများသည်
အနာဂတ်တိုင်းပြည်အတွက် ရင်းနှီးမြှုပ်နှံခြင်းပင်ဖြစ်ကြောင်း၊ မကြာမီ ရောက်ရှိတော့မည့်
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း အခြေခံပညာအဆင့် အတန်းတင်စာမေးပွဲ များ
ဖြေဆိုတော့မည်ဖြစ်ပြီး ရာနှုန်းပြည့် ဖြေဆိုနိုင်ရေးနှင့် နောင်နှစ်တန်းစဉ်
ကူးပြောင်းမှု မြင့်မားရေး အတွက်လည်း လိုအပ်သည့်
ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားကြရန်လိုကြောင်း။
စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို အားပေးဆောင်ရွက်
စိုက်ပျိုးမွေးမြူရေးနှင့်
ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်သည့် ပြည်သူများ၏
ဝမ်းစာဖူလုံမှုရှိစေရေးအတွက် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို
တိုးမြှင့်ဆောင်ရွက်သွားရန် လိုကြောင်း၊ မြို့ပေါ်နေပြည်သူများအတွက် လိုအပ်သည့်
အသား၊ ငါးနှင့် ဥများကို လုံလောက်စွာ ထုတ်လုပ် ရောင်းချပေးနိုင်မှသာ ထိုက်သင့်သည့်
စားသောက်ကုန်ဈေးနှုန်းများ ဖြစ်လာ မည်ဖြစ်ကြောင်း၊ စားသုံးမှုနှင့် ထုတ်လုပ်မှုများ မျှတမည်ဆိုပါက ကုန်ဈေးနှုန်းကြီးမြင့်မှုကို
ထိုက်သင့်သလောက် ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့တွင်ရှိသည့်
မြေလွတ်မြေရိုင်းများကို စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်ငန်းများအတွက်
အသုံးချသွားရန်လိုကြောင်း၊ ဒေသတွင်း စားသောက်မှုဖူလုံရေး ဆောင်ရွက်သွားရန်
လိုကြောင်း၊ လူတန်းစားမရွေး စားနိုင်၊ သောက်နိုင်ရေး စားရေရိက္ခာဖူလုံအောင်
ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံအနေဖြင့်
ယခင်အစိုးရများ အဆက်ဆက်တွင် ကုန်သွယ်မှုလိုငွေများရှိခဲ့ပြီး လိုအပ်သည့် နိုင်ငံခြားငွေများကို
Non
- Trade မှ ရရှိသည့်ငွေများ၊ ထောက်ပံ့ငွေများဖြင့်
သုံးစွဲခဲ့ကြသည်ကို တွေ့ရှိရကြောင်း၊ ကုန်ထုတ်လုပ်မှုများအားနည်းခြင်းကြောင့်
ကုန်သွယ်မှုလိုငွေများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပြီး
ပြည်တွင်းကုန်ထုတ်လုပ်မှုများရှိမှသာလျှင် ပြည်ပပို့ကုန်များရရှိမည်ဖြစ်ပြီး
ကုန်သွယ်မှု ပိုငွေများ ရရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့်
မိမိတို့တာဝန်ယူဆောင်ရွက်ချိန်တွင် ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို
တိုးမြှင့်ဆောင်ရွက်ခဲ့ပြီး ပြည်တွင်းကုန်ထုတ်လုပ်မှုကို
အားပေးခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော်လည်း အပြည့်အဝ အကောင်အထည်ဖော်
ဆောင်ရွက်နိုင်ခြင်းမရှိသဖြင့် ဝင်ငွေများ ရရှိသင့်သလောက် မရရှိခဲ့ကြောင်း၊
ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင် ဆောင်ရွက်နိုင်မည် ဆိုပါက
စိုက်ပျိုးရေးကို အခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းများကို
တိုးမြှင့်ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း
စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ပညာရှင်များ များစွာရှိသဖြင့် လိုအပ်ချက်များကို
ဖြည့်ဆည်းပေးနိုင်ရေး အဆိုပါပညာရှင်များကို အကျိုးရှိရှိ အသုံးချနိုင်ရန် လိုကြောင်း၊
မိမိတို့နိုင်ငံ၌ ခေတ်အဆက်ဆက်တွင် လယ်ယာထွက် ကုန်ပစ္စည်းများ ထွက်ရှိမှုမှာ
ကိန်းဂဏန်း အချက်အလက်များအရ ကွာခြားချက်များရှိနေကြောင်း၊ ကိန်းဂဏန်း
အချက်အလက်များ၊ စာရင်းဇယားများ မှန်ကန်စွာသိရှိနိုင်မှသာလျှင်
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုလေ့လာဆန်းစစ် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့်
လုပ်ငန်းဆောင်ရွက်သူများအနေဖြင့် ပန်းတိုင်ရည်မှန်းချက်များ ပြည့်မီစေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့်
စာရင်းဇယား ကောက်ယူ သူများအနေဖြင့်လည်း မှန်ကန်သည့် စာရင်းဇယားများ ရရှိနိုင်ရေး
ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အဓိကအားဖြင့်
မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့အားလုံး အမှန်တကယ် အလုပ်လုပ်
ကြရမည်ဖြစ်ပြီး အလုပ်လုပ်နိုင်ရေးအတွက်လည်း လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက် ပေးသွားရမည်
ဖြစ်ကြောင်း။
စိုက်ပျိုးမွေးမြူရေး
လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဆိုပါက တောင်သူများ၏ လူမှုစီးပွားဘဝများ သည်လည်း
တိုးတက်လာမည်ဖြစ်ကာ ဒေသတွင်း လည်ပတ်ရင်းနှီးငွေများ များပြားလာခြင်း မှတစ်ဆင့်
ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကိုလည်း ဖြစ်ပေါ်လာစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့်
မိမိတို့အနေဖြင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့်
လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍများ ဖွံ့ဖြိုးတိုး တက်ရေးအတွက်
ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ CMP လုပ်ငန်းများ၊ MSME လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်အောင်
အားပေးဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဒေသမှထွက်ရှိသည့် ကုန်ကြမ်းများကို
အခြေခံသည့် MSME ကုန်ထုတ်လုပ်ငန်းများကို
ဆောင်ရွက်သွားကြရန်လိုကြောင်း၊ စက်မှု ကဏ္ဍများ တိုးတက်ခြင်းဖြင့်
ဝန်ဆောင်မှုကဏ္ဍများလည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံအနေဖြင့်
လယ်ယာကဏ္ဍကို အခြေခံပြီး နိုင်ငံ့ GDP တိုးတက်အောင်
ဆောင်ရွက်နိုင်ကြောင်း။
ကျန်းမာရေးကဏ္ဍမြှင့်တင်ဆောင်ရွက်
ကျန်းမာရေးနှင့်ပတ်သက်၍
မိမိတို့နိုင်ငံတွင် ကျန်းမာရေးဝန်ထမ်းများ လိုအပ်နေဆဲဖြစ်ကြောင်း၊ မိမိတို့အစိုးရ
စတင်တာဝန်ယူဆောင်ရွက်ခဲ့ချိန်တွင် ကိုဗစ် - ၁၉ ကပ်ရောဂါ ဖြစ်ပေါ်လျက်ရှိသည့် အချိန်ဖြစ်ပြီး
လုပ်ငန်းခွင်စွန့်ခွာသွားကြသည့် ကျန်းမာရေးဝန်ထမ်းများကြောင့် အခက်အခဲများစွာဖြင့်
ဖြတ်ကျော်ခဲ့ကြရကြောင်း၊ ယခုအခါ ဆေးတက္ကသိုလ်များမှ ကျောင်းဆင်းသည့် ဆရာဝန်များအား
ပြည်သူ့ဆေးရုံများ၌ သက်တမ်းတစ်ခုအထိ တာဝန်ထမ်းဆောင်ရန် မူဝါဒချမှတ်ထားကြောင်း၊
မိမိတို့အနေဖြင့် နိုင်ငံ၏ကျန်းမာရေးကဏ္ဍ မြှင့်တင်ရေးအတွက်
ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်းမာရေးဝန်ထမ်းများ၏
အကျိုးခံစားခွင့်များကိုလည်း ထိုက်သင့်သလောက် တိုးမြှင့်ဆောင်ရွက် ပေးထားပြီးဖြစ်ကြောင်း၊
ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအတွက် နိုင်ငံတော်မှ အခမဲ့ ပညာသင်ကြားပေးထားခြင်းဖြစ်သဖြင့်
နိုင်ငံတော်၏ ကျန်းမာရေးကဏ္ဍမြှင့်တင်ရေးအတွက်
ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လိုကြောင်း။
ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး
ရွေးကောက်ပွဲနှင့်ပတ်သက်၍
ယခုဒီဇင်ဘာ ၂၈ ရက်နေ့တွင် ရွေးကောက်ပွဲကို ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး
အပိုင်းသုံးပိုင်းခွဲ၍ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း၊
ရန်ကုန်တိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲ ရာနှုန်းပြည့် အောင်မြင်စွာကျင်းပနိုင်ရေး
ဆောင်ရွက်သွားကြရန်လိုကြောင်း၊ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ
အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်
မဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးနိုင်ရန် အရေးကြီးသကဲ့သို့ ၂၀၂၀ ပြည့်နှစ်တွင်
ကျင်းပခဲ့သည့် ရွေးကောက်ပွဲကဲ့သို့ မဲမသမာမှုများမဖြစ်ပေါ်စေရေး
ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ မဲမသမာမှုများဖြစ်ပေါ်ခဲ့ခြင်းသည်
မိမိတို့နိုင်ငံအတွက် ဆိုးရွားသည့် ဖြစ်ရပ်တစ်ခုပင် ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့်
ရွေးကောက်ပွဲတွင် မဲစာရင်းများမှားယွင်းမှုများကြောင့် တာဝန်ယူခဲ့သည့်
အစိုးရဖြစ်သဖြင့် မိမိတို့ကျင်းပသည့် ရွေးကောက်ပွဲသည် မဲစာရင်းမှားယွင်းမှု
မရှိရန်လိုကြောင်း၊ ရာနှုန်းပြည့်မှန်ကန်နိုင်မည်မဟုတ်သော်လည်း
အတတ်နိုင်ဆုံးမှန်ကန်အောင် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ မဲစာရင်းတွင်
ပါဝင်သူများ မဲပေးခွင့်မဆုံးရှုံးစေရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဆန္ဒမဲပေးခြင်း
မပေးခြင်းသည် မဲဆန္ဒရှင်များ၏ဆန္ဒဖြစ်ပြီး မဲပေးနိုင်အောင် ဆောင်ရွက်ပေးရမည်မှာ
အစိုးရ၏ တာဝန်ပင်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးသည်
နိုင်ငံ၏ဂုဏ်သိက္ခာ ဖြစ်၍ ရွေးကောက်ပွဲကျင်းပမည့် နေရာများအားလုံးတွင်
အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အားလုံးက
ဝိုင်းဝန်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ရွေးကောက်ပွဲကျင်းပရာတွင် မဲမသမာမှုများ ပြုလုပ်၍
မရနိုင်သည့် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) များဖြင့် မဲပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ လွတ်လပ်ပြီး တရားမျှတသည့်
ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်စေရေး အားလုံးက
ဝိုင်းဝန်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ရွေးကောက်ပွဲ ကျင်းပပြီးစီးချိန်တွင်
လွှတ်တော်ကိုခေါ်ယူ၍ အသစ်ဖွဲ့စည်းမည့်အစိုးရအား နိုင်ငံတော်၏ တာဝန် များကို
လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲသည် ဒီမိုကရေစီ နိုင်ငံစနစ်အရ၊
ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရ မဖြစ်မနေအောင်မြင်အောင်ဆောင်ရွက်သွားရမည့်
လုပ်ငန်းရပ် ဖြစ်ကြောင်း၊ ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ
တာဝန်ရှိသူများ အနေဖြင့်လည်း ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး
ဝိုင်းဝန်းဆောင်ရွက်သွားကြရန် လိုကြောင်း ပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင်
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့်
အဖွဲ့ဝင်များသည် တက်ရောက်လာကြ သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း
သိရသည်။
သတင်းစဉ်
No comments