နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးကျင်းပ

 


နေပြည်တော် ဒီဇင်ဘာ ၁၁

 

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၃/၂၀၂၅)ကို ယနေ့နံနက်ပိုင်းတွင် ပြည်တွင်းအခွန်များဦးစီးဌာန ရုံးအမှတ်(၄၆) ၌ကျင်းပရာ ကော်မတီဥက္ကဋ္ဌ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ကော်မတီအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ အမြဲတမ်းအတွင်းဝန်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် သီးသန့်အစီအစဉ်အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ ၁၄ ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ခြောက်ခုသို့ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁ ရက်မှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်အထိ ချေးငွေများ ထုတ်ချေးထားရှိမှု၊ ပြန်လည်ပေးဆပ်မှု၊ သဘာဝဘေးအန္တရာယ်များကြောင့် ချေးငွေ အရင်း၊ အတိုး ဆိုင်းငံ့ပေးခဲ့မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ များတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ချေးငွေထုတ်ချေးပေးနိုင်မှု၊ ချေးငွေများအား ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ ထုတ်ချေးပေးနေမှု၊ ချေးငွေစာရင်းဇယားများကို စနစ်တကျပြုစု၍ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များ၏ ရန်ပုံငွေစီမံခန့်ခွဲမှု ကော်မတီများက ကြပ်မတ်ဆောင်ရွက်မှုနှင့် မှတ်တမ်းတင်ထားရှိမှု၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးတွေ့ရှိချက်များအပေါ် လိုက်နာဆောင်ရွက်မှု၊ ပြီးစီးမှုအခြေအနေများနှင့် တွေ့ကြုံရသည့် အခက်အခဲများကို ဆွေးနွေးကြရန် ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က နွေစပါး၊ မိုးစပါး စီမံကိန်း၊ ဆောင်းဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ)စီမံကိန်း၊ မွေးမြူရေးစီမံကိန်း၊ စိုက်ပျိုးရေ ရရှိရေးစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနတို့ ပူးပေါင်း၍ မိုးစပါးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက တိုင်းဒေသကြီး၊ ပြည်နယ်များသို့ MSME ဖွံ့ဖြိုးရေးချေးငွေ ထုတ်ချေးထားမှု အခြေအနေကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက သက်ဆိုင်ရာဝန်ကြီးဌာနများက နိုင်ငံတော်အတွက် ဝင်ငွေရှာဖွေပေးနိုင်မှု အခြေအနေ နှင့် လုပ်ငန်းလိုင်စင်ချပေးမှု အခြေအနေကို လည်းကောင်း၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေထုတ်ချေးပေးမှု အခြေအနေ နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ကြွေးကျန်ကောက်ခံရရှိမှု အခြေအနေများကို လည်းကောင်း ဆွေးနွေးပြောကြားကြသည်။

 

ယင်းနောက်ကော်မတီ အတွင်းရေးမှူးက (၂/၂၀၂၅) ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်များ အပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ရှင်းလင်းတင်ပြပြီး ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများက နိုင်ငံ့စီးပွာမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေများထပ်မံထုတ်ချေးပေး ရန်တင်ပြလာမှုကိစ္စရပ်များကို ကော်မတီအဖွဲ့ဝင်များနှင့် အစည်းအဝေး တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေး၍ ကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာ စကားပြောကြားသည်။

 

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် လက်တွဲပူးပေါင်းပြီး နိုင်ငံတော်က ထောက်ပံ့ပေးသော နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေကို အကျိုးရှိရှိအသုံးပြုကာ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက်(၄)ရပ်အနက် “နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကနှင့် အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ် တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စက်မှုကဏ္ဍ(Agro-based Industries)ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူများ၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ်မြှင့်တင်ရေးဟူသော ဦးတည်ချက် အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.