လွိုင်ကော်မြို့၌ နှစ်ရှည်သီးနှံနှင့် ဟင်းသီးဟင်းရွက် စံပြစိုက်ခင်းများ အကောင်အထည်ဖော် ဆောင်ရွက်

 



လွိုင်ကော် ဒီဇင်ဘာ ၄

ကယားပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး အလေးထားကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ လွိုင်ကော်မြို့ နောင်ယား(က) ရပ်ကွက်ရှိ နှစ်ရှည်သီးနှံများနှင့် ဟင်းသီးဟင်းရွက်စံပြစိုက်ခင်း စိုက်ပျိုးထားရှိမှုကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟင်းသီးဟင်းရွက် စံပြစိုက်ခင်းအတွင်း နှစ်ရှည်သီးနှံများ၊ ပေါင်တင်နှင့် စင်တင်သီးနှံများ စိုက်ပျိုးထားရှိမှုနှင့် အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က တောင်သူ အသိပညာပေး လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးရန်၊ တောင်သူများ ခေတ်မီစိုက်ပျိုး နည်းစနစ်များကို အသုံးပြုစိုက်ပျိုးနိုင်အောင် သုတေသနလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ရန်နှင့် ဟင်းသီးဟင်းရွက်များ ပြည်နယ်အတွင်း စားသုံးမှုဖူလုံပြီး ပြည်နယ်ပြင်ပသို့ တင်ပို့နိုင်သည် အထိ တိုးချဲ့စိုက်ပျိုးနိုင်ရေး ကူညီဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားသည်။

အဆိုပါ ဟင်းသီးဟင်းရွက် စံပြစိုက်ခင်းတွင် နှစ်ရှည်သီးနှံများ ဖြစ်သည့် ငှက်ပျော၊ မာလကာ၊ သင်္ဘော၊ နာနတ်စိုက်ခင်းများ၊ ပေါင်တင်စိုက်ပျိုးသီးနှံများ ဖြစ်သည့် ခရမ်း၊ ငရုတ်၊ မုန်လာ၊ မုန်ညင်း၊ ရုံးပတီစိုက်ခင်းများနှင့် စင်တင် စိုက်ပျိုးသီးနှံများဖြစ်သည့် ဘူး၊ ဖရုံ၊ ဂေါ်ရခါး၊ ကြက်ဟင်းခါး၊ ပဲစောင်းလျား၊ တိုင်ထောင်ပဲ စသည့် သီးနှံစိုက်ခင်းများ စိုက်ပျိုးထားရှိပြီး တောင်သူအသိပညာပေး သရုပ်ပြလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)

No comments

Powered by Blogger.