ကျုံကပြင် - တက်ဆိပ် ဒေသခံသားငှက်ထိန်းသိမ်းရေးဧရိယာ၌ ရှားပါးငှက်မျိုးစိတ် သုံးမျိုးအပါအဝင် ငှက်မျိုးစိတ် ၁၆၉ မျိုး တွေ့ရှိမှတ်တမ်းတင်နိုင်
ဝါးခယ်မ ဒီဇင်ဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး
ဝါးခယ်မမြို့နယ်ရှိ ဒေသခံသားငှက်ထိန်းသိမ်းရေးဧရိယာအတွင်း ကျရောက်
ရှင်သန်ကျက်စားလျက်ရှိသော ငှက်မျိုးစိတ်များကို စာရင်းကောက်ယူခြင်းလုပ်ငန်း
ဆောင်ရွက်လျက် ရှိရာ လက်ရှိကာလအထိ ကမ္ဘာပေါ်တွင်သာမက မြန်မာနိုင်ငံမှာပါ
ရှားပါးနေသော ငှက်မျိုးစိတ်များ ဖြစ်သည့် ကြိုးကြာခေါင်းနီ ငှက်မျိုးစိတ်၊ စာဝါကျား
ငှက်မျိုးစိတ်နှင့် ကိုင်းစွေ့ငှက်မျိုးစိတ် သုံးမျိုး အပါအဝင် စုစုပေါင်း
ငှက်မျိုးစိတ် ၁၆၉ မျိုးကို တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။
“ကြိုးကြာငှက်မျိုးစိတ်က
မြန်မာနိုင်ငံမှာ ကျွန်တော်တို့ ဝါးခယ်မမြို့နယ်မှာ အများဆုံးရှိတာ၊ ဧရာဝတီ တိုင်းဒေသကြီး
အချို့မြို့နယ်တွေမှာလည်း ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မြို့နယ်ထဲမှာလောက် မများဘူး။
အစုအဖွဲ့နဲ့နေတဲ့ မတ်လလောက်ဆိုရင် အကောင်ရေ ၁၀၀ ကျော် ၂၀၀ လောက်အထိ တွေ့ရတယ်။
မနှစ်ကမတ်လဆိုရင် အကောင် ရေ ၁၆၀ ကျော် တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
ကြိုးကြာငှက်က ဒီမှာပဲ ဥဥတယ်။ အသိုက်လုပ်တယ်။ သားပေါက်တာပါ။ အခုနှစ် ပြီးခဲ့တဲ့ လတွေကဆိုရင်
ကြိုးကြာအသိုက်စာရင်း ၇၀ လောက် ရထားတယ်။ အသိုက် ၇၀ ဆိုရင် တစ်သိုက်ကို
နှစ်ကောင်နှုန်းနဲ့ တွက်ရင် ခန့်မှန်းအကောင်ရေ ၁၄၀ လောက် တွက်လို့ရတယ်”ဟု
ကျုံကပြင်-တက်ဆိပ် ဒေသခံသားငှက် ထိန်းသိမ်းရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကရှင်းပြသည်။
နောက်ထပ်
ရှားပါးငှက်မျိုးစိတ်နှစ်မျိုးမှာ စာဝါကျားငှက်မျိုးနှင့် ကိုင်းစွေ့ငှက် မျိုးစိတ်ပင်ဖြစ်သည်။
“နောက်တစ်ခုက ဆောင်းခိုငှက်မျိုးစိတ်တစ်မျိုး ဖြစ်တဲ့ စာဝါကျား (ခေါ်) Yellow-breasted
Bunting (Emberiza aureola) ငှက်မျိုးစိတ်ပါ၊
တစ်ကမ္ဘာလုံးမှာဆိုရင်တော့ မျိုးသုဉ်းလုနီးပါး အန္တရာယ်နဲ့ ကြုံတွေ့နေရတဲ့
ငှက်မျိုးစိတ်ဖြစ်ပါ တယ်။ သူတို့ အိပ်တန်းတက်တဲ့အချိန် စာရင်းကောက်ယူရတာပါ။
ကျွန်တော်တို့ ထိန်းသိမ်းရေးဧရိယာထဲမှာ မနှစ်က ကောင်ရေခုနစ်သောင်းကျော်
တွေ့ရှိမှတ်တမ်းတင် နိုင်ခဲ့တယ်။ အခုလက်ရှိကာလ အထိတော့ အကောင်ရေ လေးသောင်းဝန်းကျင်
လောလောဆယ် ရောက်နေပါပြီ။ ဒီအတိုင်းဆို အကောင်ရေ မနှစ်ကထက် အောက်မကျနိုင်ဘူးလို့
ခန့်မှန်း ထားပါတယ်”ဟု ၎င်းကဆက်လက် ရှင်းပြသည်။
“ပြီးတော့
ကိုင်းစွေ့ငှက်မျိုးစိတ်ဆိုရင်လည်း ကျွန်တော်တို့နိုင်ငံမှာ နဂိုကတည်းကရှိတာပါ။
ကိုင်းတောထဲမှာနေတာ မတွေ့တာကြာပြီ။ နှစ် ၇၀ ကျော်မှ ပြန်တွေ့တာ။ ဒီငှက်မျိုးစိတ်သုံးမျိုးဟာ
အခုဆိုရင် ကမ္ဘာမှာရော မြန်မာနိုင်ငံမှာပါ တကယ်ရှားပါးတဲ့ ငှက်မျိုးစိတ်တွေပါ။
လက်ရှိ အချိန်ထိတော့ ရှားပါးငှက်မျိုးစိတ် သုံးမျိုးအပါအဝင် ငှက်မျိုးစိတ် ၁၆၉
မျိုး မှတ်တမ်းတင်ထားနိုင်ပြီ ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ ဒီမှာက
ကြောင်တံငါနို့တိုက် သတ္တဝါမျိုးတွေလည်းရှိတယ်”ဟု ၎င်းက ထပ်မံ ရှင်းပြသည်။
ကျုံကပြင် -
တက်ဆိပ် သားငှက်ထိန်းသိမ်းရေး ဧရိယာအတွင်း၌
ရှားပါးဇီဝမျိုးစုံမျိုးကွဲများ ကျရောက် ရှင်သန်ကျက်စားနေသဖြင့် ၂၀၁၈ ခုနှစ်တွင်
ဒေသခံများပါဝင်သည့် ကျုံကပြင် - တက်ဆိပ် ဒေသခံ သားငှက် ထိန်းသိမ်းရေးအဖွဲ့
စတင်ဖွဲ့စည်းခဲ့ကာ ရှားပါးဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်း စောင့်ရှောက်ခြင်း လုပ်ငန်းကို
ဆောင်ရွက်လျက်ရှိကြောင်း၊ ရှားပါးဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရန်အတွက်
သစ်တောဦးစီးဌာနက ၂၀၂၂ ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်
ရွှေလောင်းတိုက်နယ်အတွင်းရှိ ကျုံကပြင်ကျေးရွာအုပ်စု၌ ပါဝင်သော မြေဧက ၃၀၀၀
ကျော်အကျယ်အဝန်းအား ကျုံကပြင်- တက်ဆိပ် ဒေသခံသားငှက်ထိန်းသိမ်းရေးဧရိယာအဖြစ်
သတ်မှတ်ထားကြောင်း သိရသည်။
ပိန်းဇလုပ်(သိန်းညွန့်)
No comments