ဒုတိယဝန်ကြီး ဦးထိန်လင်း ဒက္ခိဏသီရိခရိုင်အတွင်း ဘောလုံးကွင်းဖောက်လုပ်ရန်နှင့် ဥတ္တရသီရိမြို့နယ် အားကစားကွင်း တည်ဆောက်နေမှုကြည့်ရှုစစ်ဆေး
နေပြည်တော် ဒီဇင်ဘာ ၄
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိခရိုင် ရန်အောင်မြင် ကျေးရွာအုပ်စုရွာမကျေးရွာ ဘောလုံးကွင်းသစ် ဖောက်လုပ်နိုင်ရေးအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးသည် ဘောလုံးကွင်းသစ်ဖောက်လုပ်ရန် လျာထားသောမြေနေရာကို ကြည့်ရှုစစ်ဆေးပြီး မြေရာဇဝင်၊ မြေပိုင်ဆိုင်မှုနှင့် မြေပုံရေးဆွဲခြင်း အစီရင်ခံစာဆက်လက်တင်ပြနိုင်ရေးအတွက် လိုအပ်သည့် အချက်အလက်များ ပြုစုခြင်းဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဥတ္တရသီရိမြို့နယ် အားကစားကွင်း အုတ်တံတိုင်းကာရံနေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ယူတည်ဆောက်နေသည့် ကုမ္ပဏီနှင့် QC ကုမ္ပဏီများမှတာဝန်ရှိသူများနှင့် တွေ့ဆုံကာ အုတ်တံတိုင်းကြံ့ခိုင်မှု အရည်အသွေးပြည့်မီပြီး အချိန်မီပြီးစီးစေရေး၊ အားကစားကွင်းအတွင်းသို့ ဝင်ရောက်မည့် ဝင်ပေါက်နေရာများနှင့် ကားရပ်နားမည့်နေရာ မှန်ကန်မှုရှိစေရေး၊ မြေနိမ့်ပိုင်းများ မြေဖို့၍ ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ရန်မှာကြားပြီး ဝန်ထမ်းအိမ်ရာ တည်ဆောက်မည့်မြေနေရာကို ကြည့်ရှုစစ်ဆေးကာဌာနမှ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments